26 C
Yangon

လောက်ကိုင်တွင် လက်နက်ချ အညံ့ခံသည့် ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ တာဝန်မကျေပွန်မှုများဖြင့် အရေးယူမည်

Must read

လောက်ကိုင်တွင် လက်နက်ချ အညံ့ခံသည့် ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ တာဝန်မကျေပွန်မှုများဖြင့် အရေးယူမည်

■ ဗိုလ်မှူးချုပ် ၆ ဦး လက်နက်ချ အညံ့ခံပြီးနောက် တိုင်းရင်းသားတပ်မှ ပုဂ္ဂိုလ်တချို့နှင့်အတူ ထမင်းလက်ဆုံစား၊ အရက်သောက်မှု မင်းအောင်လှိုင်အကြီး အကျယ် စိတ်ဆိုး

ရန်ကုန်၊ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်တွင် ကိုးကန့် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ အထက်က ပေးအပ်သော တာဝန်မကျေပွန်မှုများ အပါအဝင် တပ်မတော် အက်ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့နှင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)မှ ဗိုလ်မှူးချုပ် ၆ ဦးဖြစ်ကြသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် ၁၂ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း(သေဆုံးသည်ဟု MNDAA က ကြေညာခဲ့သူ)၊ အမှတ် (၁၄)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် (၁၆)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး တို့ကို လားရှိုးသို့ ပြန်လည်ခေါ်ယူပြီး စစ်ကောင်စီက အရေးယူရန် အမှု တည်ဆောက်နေကြောင်း သိရှိရသည်။

“လက်နက်ချ အညံ့ခံဖို့ ဆုံးဖြတ်တာက တပ်မှူး ၆ ဦးက သူတို့ဟာ သူတို့ ဆုံးဖြတ်ပြီး အထက်ကို တင်ပြခဲ့တယ်။ အထက်ကို ဆုံးဖြတ်ပြီးမှ တင်ပြခဲ့တယ်လို့ သိရတယ်။ အသိပေးရုံပဲ ပေးခဲ့တာ။ အဲဒါကြောင့် အမိန့်မနာခံမှု၊ အထက်က ပေးအပ်သော တာဝန်ကို မကျေပွန်မှု၊ တပ်တွင်း ပုန်ကန်မှုတွေနဲ့ အရေးယူမယ်လို့ သိရတယ်။ အခုတော့ အမှုတည်ဆောက်နေပြီ။ အဓိက တပ်မတော်ရဲ့ လက်နက်ခဲယမ်းတွေနဲ့ ယာဉ် ယန္တရားတွေ အများကြီး ဆုံးရှုံးလိုက်ရတာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လက်နက်ချအညံ့ခံပြီးနောက် ဗိုလ်မှူးချုပ် ၆ ဦးက တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့မှ ပုဂ္ဂိုလ်တချို့နှင့်အတူ ထမင်းစားခြင်း၊ အရက်၀ိုင်းဖွဲ့သောက် သည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့ရာ ယင်းဓာတ်ပုံများကို ကြည့်၍ အကြမ်းဖက် မင်းအောင်လှိုင်က အကြီးအကျယ် စိတ်ဆိုးနေကြောင်း စစ်တပ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဓာတ်ပုံ- ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် အေးမင်းဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article