ဘီးလင်းနှင့် သထုံ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁၂ လုံး၊ လူနေတဲနှင့် စိုက်ပျိုးခြံများ ထိခိုက် ပျက်စီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် နှင့် သထုံ မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁၂ လုံး၊ လူနေတဲနှင့် စိုက်ပျိုးခြံများ ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁ဝ နာရီ ၃၂ မိနစ်ခန့်တွင် သထုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ၏ အမတ-၄၀၂ တပ်ရင်းစခန်းက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ညာဓဝယ်ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ရွာနေ အသက် ၄၂ နှစ် အရွယ် နော်မလှဘောင် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၁ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ်အတွင်းရှိ နို့ဖားဂေါ်နေရာတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကော်ခြံ ၄ ခြံ၊ ကောက်ရိုးပုံ ၁ ပုံနှင့် လူနေတဲအိမ် ၂ လုံး မီးလောင်ပြာကျကာ လူနေတဲ ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ဇန်နဝါရီလ ၃ ရက်၊ ဖေဖော်ဝါရီလ ၁ ရက်နှင့် ၂ ရက်နေ့တို့၌ အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ရွာနှင့် အနီးတဝိုက်ရှိ ပြည်သူများ နေထိုင်ရာ နေရာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန် တပ်ရင်း ဝင်းပတပ်စခန်းက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ်ရှိ စောဒါးပူ (ခ)စောသက်နိုင်ထွေး လက်နက်ကြီးကျည်စ ထိမှန်ကာ ယာဖက် ဒူးခေါင်းအောက် အရိုးကျိုးသွားကြောင်း သိရှိရသည်။


