33 C
Yangon

ပေါက် တစူးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းစဉ် ထွက်ပြေး တိမ်းရှောင် သည့် ပြည်သူများကို လက်နက် ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၆ဦး ပွဲချင်းပြီး သေဆုံး ၂ဦး ဒဏ်ရာ ပြင်းထန်၊ နတ်စဉ်ကုန်းရွာသား ကိုကျော်ဆန်းကိုနှင့် ကိုဝေယံထွန်းတို့ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ အလောင်းဖျောက်

Must read

ရန်ကုန်၊ ဧပြီ ၁၃

မကွေးတိုင်း ပေါက်မြို့နယ် တစူးရွာကို ဧပြီလ ၁၂ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်စီးနင်းစဉ်တွင် ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၆ဦးပွဲချင်း သေဆုံးကာ ၂ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Pauk Alliance Group အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ပေါက်မြို့နယ် တောင်ပိုင်း လက်ပံလှရွာနှင့် ကျောက်အိုးရွာမှ ရောက်ရှိလာသော စစ်ကောင်စီ စစ်ကြောင်းများ ဖြစ်ပြီး တစူးရွာကို ဝင်ရောက် စီးနင်းပြီးနောက် စစ်ရှောင်ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” လက်နက်ကြီးကျလို့ သေဆုံးသူတွေက တစူးရွာက စစ်ရှောင်ပြည်သူတွေ အမည်စာရင်းတွေတော့ အတည်မပြုနိုင်သေးဘူး။ အဲနားမှာ စစ်ခွေး စစ်ကြောင်းတွေ ရှိနေသေးတယ်။ ပြည်သူတွေလည်း ရွာထဲကို ပြန်မထွက်ရဲသေးဘူး။ ပေါက် တောင်ပိုင်းမှာ ရှိတဲ့ရွာတွေကို စစ်ခွေးတွေကို ဆက်တိုက်ကို မီးရှို့နေတာ တချို့ရွာတွေဆိုရင် ၂ကြိမ်ထပ် ရှို့ခံရတာတွေရှိတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ယနေ့တွင်လည်း သက္ကယ်ကျင်းကျေးရွာ၊ ကိုင်းမကျေးရွာနှင့် လက်ပံလှရွာများကို ထပ်မံ မီးရှို့နေပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ပေါက်၊ ဆိပ်ဖြူနှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းကုန်း၊ ရေကျော်၊ ကျွန်းရင်း၊ လယ်သာဝ၊ စညောင်း၊‌ ညောင်‌ဂွေးဝ၊ တောင်ဖြူ၊ ချောင်းဆုံ၊ မြစ်ဖျား၊ ဒိန်းကွင်း၊ ရှားလှ၊ တောင်ချို၊ တောင်ဘက်၊ ဘို့မယ်၊ အင်းငယ်ဒေါင့်၊ ကျောက်အိုး ကျေးရွာများကို ဆက်တိုက်မီးရှို့ ဖျက်ဆီးခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပေါက်မြို့နယ် ပျဉ်းချောင်းရွာအနီး ဧပြီလ ၇ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ စစ်ကြောင်းထိုးလာစဉ် ကျေးရွာများအတွင်း လှည့်ပတ်ကာ အမဲသား လိုက်လံရောင်းချနေသည့် နတ်စဉ်ကုန်း ရွာသား ကိုကျော်ဆန်းကိုနှင့် ကိုဝေယံထွန်း တို့ကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး မီးရှို့ အလောင်းဖျောက်ဖျက်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

အဆိုပါ ဒေသခံ ပြည်သူ ၂ဦးသည် ကျေးရွာများအတွင်း အမဲသား လှည့်လည် ရောင်းချနေသူများဖြစ်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တွေ့ဆုံကာ ဖမ်းဆီးခံရပြီးနောက် စစ်တပ်က သတ်ဖြတ်ကာ ပျဉ်းချောင်းရွာအနီးရှိ လယ်ကွင်းပြင်တွင် မီးရှို့ အလောင်း ဖျောက်ဖျက်ထားခဲ့ပြီး ဒေသခံ ပြည်သူများက ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article