30 C
Yangon

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံး၊ ဝန်းသိုတွင်လည်း မိုင်းဆွဲခံရပြီး စစ်သားအလောင်းများ ပြန့်ကျဲ၊ ပုလောတွင်လည်း စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး၊ စစ်ကား ၂ စီး ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ရေရှင်ရွာနှင့် အင်ကျွန်းရွာကြားတွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင် ခုခံတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း၊ PDF-Kalay ရဲဘော် ၁ ဦး လက်နက်ကြီး ထိမှန်ကျဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း CDF (KKG) က သတင်းထုတ်ပြန်သည်။

အင်အား ၁၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ကျောက်ပြုတ်ရွာနှင့် အင်ကျွန်းရွာတွင် တပ်စွဲထားသော အဖွဲ့ဖြစ်ပြီး CDF (KKG)၊ PDF-Kalay၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ တနေကုန်နီးပါး ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် ညနေ ၆ နာရီခန့်တွင် အင်ကျွန်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ရေရှင်ကျေးရွာရှိ နေအိမ် ၇ လုံး မီးလောင်ပျက်စီးသွားကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (ကလေး-ကဘော်-ဂန့်ဂေါ) CDF-KKG က ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် အင်ကျွန်းရွာသို့ တပ်အင်အားဖြည့်တင်းထားကြောင်း ရေရှင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်၊ ပျူစောထီးများမကြာခဏ ထိုးစစ်ဆင်နေခြင်းကြောင့် ရေရှင်ရွာသားများ စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၂ ရက် ည ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ စိန်လည်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးပြီး ရထားသံလမ်းအနီးတွင် စစ်ကောင်စီ စစ်သားများ၏ ခန္ဓာကိုယ်အစိတ်အပိုင်များ ပြန့်ကျဲနေကြောင်း ဒေသသတင်းရင်းမြစ် ဝန်းသိုတော်လှန်ရေးအင်အားစုထံမှ သိရှိရသည်။

အလားတူ ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၁ နာရီခန့်တွင် တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ ဆင်းလာသော စစ်ကား ၁၂ စီးပါ စစ်ကောင်စီယာဉ်တန်းကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး၍ စစ်ကား ၂ စီး မီးလောင်ပျက်စီးသွားကြောင်း PPDF က သတင်းထုတ်ပြန်သည်။

ထားဝယ်ဘက်သို့ သွားနေသော စစ်ကား ၁၂ စီးပါ ယာဉ်တန်းကို ပုလောမြို့နယ်၊ ကဒဲရွာနှင့် ပဝတ်ကုန်းရွာကြားတွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ ဆက်လက်ထွက်ခွာလာသော စစ်ကားများကို ခမောင်းတောရွာအနီးတွင် ထပ်မံမိုင်းဆွဲခဲ့ကြောင်း၊ ယင်းနောက် နံနက် ၁ နာရီ ၄၅ မိနစ်အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲပစ်ခတ်ခံရပြီးနောက် စစ်ကား ၁၂ စီးပါယာဉ်တန်းမှ စစ်ကား ၄ စီးသာ ထားဝယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ကြောင်း PPDF ထံမှ သိရှိရသည်။

ဓါတ်ပုံ – ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင် ၁ ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article