27 C
Yangon

ဒီဂျစ်တယ် ငွေကြေးနှင့် ငွေပေးချေမှု အကောင်အထည်ဖော်ရန် ငွေသားအသုံး ပြုမှုနှင့် ဘဏ်များမှ ငွေသားထုတ်ပေးမှုများကို စစ်ကောင်စီက ကန့်သတ်နိုင်

Must read

ဒီဂျစ်တယ် ငွေကြေးနှင့် ငွေပေးချေမှု အကောင်အထည်ဖော်ရန် ငွေသားအသုံး ပြုမှုနှင့် ဘဏ်များမှ ငွေသားထုတ်ပေးမှုများကို စစ်ကောင်စီက ကန့်သတ်နိုင်

■ ငွေကြေးဖောင်းပွခြင်း နှင့် ငွေကျပ်ဘီလီယံပေါင်းများစွာ ရိုက်ထုတ်နေရမှုကို ဒီဂျစ်တယ် ငွေကြေး ကိန်းဂဏန်းများဖြင့် စစ်တပ်ဗဟိုဘဏ်က အစားထိုးအဖြေရှာရန် ကြိုးစားလာ

ရန်ကုန်၊ ဇွန် ၁၅

အကြမ်းဖက်စစ်ကောင်စီက ဒီဂျစ်တယ်ငွေကြေးနှင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို အကောင် အ ထည် ဖော်ခြင်းဖြင့် ကျပ်ငွေ အသုံးပြုမှုနှင့် ဘဏ်များမှ ငွေသားထုတ်ပေးမှုများကို ကန့်သတ်ရန်ရှိနေကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်း သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဇွန်လ ၁၂ ရက်နေ့က ထုတ်တဲ့ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ကတော့ ဖုတ်ပူမီးတိုက်လို့ပဲ ပြောရမယ်။ အရောင်း အဝယ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေပေးချေမှုတွေကို ဒီဂျစ်တယ်ငွေပေးချေမှုနဲ့ ဒီဂျစ်တယ် ငွေကြေးကို ဘဏ်စနစ်တွေကို ချိတ်ဆက်အသုံးပြုဖို့ ချက်ချင်းလုပ် ဆောင်ဖို့ ညွှန်ကြားတယ်။ ကျပ်ငွေ ငွေသားအသုံးပြုမှုကို မဖြစ်မနေ လျှော့ခိုင်းတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီဂျစ်တယ်ငွေကြေးစနစ်ဖြစ်လာဖို့ ကျပ်ငွေ ငွေသားအသုံးပြုတာတွေနဲ့ ဘဏ်တွေက ငွေသားထုတ်ပေးမှု တွေကို ကန့်သတ်တဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်လာနိုင်ပါတယ်” ဟု ပုဂ္ဂလိကဘဏ်ကြီးတစ်ခုမှ စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်း အမှုဆောင်ဒါရိုက်တာတစ်ဦးက ရှင်းပြသည်။

ငွေကျပ်ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ခြင်းနှင့် ဘတ်ဂျက်လိုငွေ ဘီလီယံ ၁၀၀၀၀ ကျော် ရှိနေမှု

————————————————————————–

စစ်ကောင်စီက ငွေကျပ်ဘီလီယံ ၃၀၀၀၀ ကျော် အာဏာသိမ်းကာလ ၃ နှစ်ကျော် အတွင်းရိုက်ထုတ်ခဲ့ရာ ယင်းရိုက်ထုတ်မှုကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းများအကြီးအကျယ်ဖြစ်ပေါ်နေသည်။ ယင်းအပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် စစ်ကောင်စီ၏ ဘတ်ဂျက်လိုငွေပြမှုသည် ငွေကျပ် ဘီလီယံ ၁၀၀၀၀ ကျော်သွားပြီး အခွန်ဘဏ္ဍာကောက်ခံရရှိမည့်ငွေများမှာလည်း အလွန်လျှော့နည်းသွားပြီ ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီအနေဖြင့် တိုးမြှင့်လာသော စစ်အသုံးစရိတ်၊ ဘတ်ဂျက်လိုငွေပြမှု ဘီလီယံ ၁၀၀၀၀ ကျော်ကို ကျပ်ငွေများ ထပ်မံ ရိုက်ထုတ်ခြင်းဖြင့် လုပ်ဆောင်ရမည်ဖြစ်ရာ ယင်းအခြေအနေ ကို ကျော်လွှားရန်အတွက် ဒီဂျစ်တယ်ငွေကြေးစနစ်၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို ဖုတ်ပူမီးတိုက် အကောင် အထည်ဖော်ခြင်းလည်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ဒီဂျစ်တယ်ငွေကြေးနှင့် ဒီဂျစ်တယ်ငွေပေးချေမှု စနစ်များ အကောင် အထည်ဖော်နိုင်ပြီဖြစ်သော်လည်း ဒီဂျစ်တယ်ငွေကြေးနှင့်ငွေပေးချေမှုစနစ်ကို တွင်ကျယ်စွာ အသုံးပြု နေသော နိုင်ငံအများစုတွင် စျေးကွက်စီးပွားရေးစနစ်ကို ဥပဒေများဖြင့် ကာကွယ်စောင့်ရှောက်ခြင်း၊ ဘဏ်နှင့်ငွေရေးကြေးရေးကဏ္ဍတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုများကို ဥပဒေများဖြင့် ကာကွယ်စောင့်ရှောက် ခြင်း၊ ငွေကြေးနှင့်ဘဏ္ဍာရေး ပေါ်လစီများအပေါ် ပြည်သူ လူထု ၏ ယုံကြည်မှု အပြည့်အ၀ ရှိနေခြင်း စသည့် အခြေအနေများစွာဖြင့် ဒီဂျစ်တယ် ငွေကြေးနှင့် ငွေပေးချေမှုမှာ ထွန်းကားနေခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံများတွင် ဒီဂျစ်တယ်ငွေကြေးနှင့် ငွေပေးချေမှုကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အ ထောက် အကူပြုရန်၊ စီးပွားရေးလည်ပတ်မှုကို အရှိန်မြှင့်ရန် အသုံးပြုနေခြင်းဖြစ်ပြီး စစ်ကောင်စီကဲ့သို့ ငွေကြေးဖောင်းပွခြင်းနှင့် စီးပွားရေးပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်ခြင်းမဟုတ်ဟု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်း ကျင်သူ CDM ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောဆိုသည်။

“တိုင်းပြည်ရဲ့ အခြေခံ စီးပွားရေးအဆောက်အအုံကောင်းမှ စီးပွားရေးတွေကလည်း စျေးကွက်စီး ပွားရေး အတိုင်း လွတ်လွတ်လပ်လပ် လည်ပတ်နိုင်မှ ဒီဂျစ်တယ်ငွေကြေးနဲ့ငွေပေးချေမှုက အလုပ်ဖြစ်တာ ။ လွတ်လွတ်လပ်လပ်ဆိုတာက စျေးကွက်စီးပွားရေးမှာ Supply နဲ့ Demand အတိုင်းပဲ စျေးနှုန်းတွေ ဖြစ်ပေါ်တိုးတက်တာမျိုးလောက်ပဲ အခြေခံ ပြီး ရိုးရိုးလေးပဲ စဉ်းစားပါ။ဒီမှာက စျေးကွက်စီးပွားရေးစနစ်မရှိတော့ဘူး။ အားလုံးက သေနတ်နဲ့ ထောက်ထားတာ။ နောက်တစ်ခါ ကျပ်ငွေတွေ ထပ်မရိုက်ချင်တော့လို့၊ ဘတ်ဂျက်လိုငွေတွေကို ဒီဂျစ်တယ်ငွေကြေး ကိန်းဂဏန်းနဲ့အစားထိုးဖို့ လုပ်တယ်ဆိုရင် တိုင်းပြည်ရဲ့ ငွေကြေးတန်ဖိုး ပိုကျဆင်းပြီး ပိုပျက်ဖို့ပဲ ရှိပါတယ်။ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး” ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ CDM ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိက ဆိုသည်။

အင်တာနက်ကို ထိန်းချုပ် ကန့်သတ်ပိတ်ပင်မှု အဓိက အဟန့်အတား

——————————————————————–

ဒီဂျစ်တယ်ငွေကြေးအသုံးပြုနှင့် ငွေပေးချေမှု စနစ်များ ထွန်းကားရန် အဓိက အရေးကြီးဆုံးသော အချက်မှာ အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုခွင့်ဖြစ်ပြီး ဒီဂျစ်တယ်ငွေကြေးသည် ပြည်သူ လူထု ၏ နေ့စဉ် အသုံးပြုရသည့် အစိတ်အပိုင်းအဖြစ်ရောက်ရှိရန် အင်တာနက်ကို တစ်နိုင်ငံလုံး မည်သည့်နေရာတွင်မူ အသုံးပြုနိုင်ရေးပင်ဖြစ်သည်။

သို့ရာတွင် စစ်ကောင်စီက နိုင်ငံအနှံ့အပြား အင်တာနက်များ ထိန်းချုပ်ပိတ်ပင်နေပြီး မေလ ၃၀ ရက်နေ့တွင် VPN များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စု၏ အင်တာနက်ပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် အင်တာနက် ဖြတ်တောက်ပိတ်ဆို့ခံရမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ၁၃ ခုတွင် အင်တာနက် ဖြတ်တောက်ခံရမှုများနှင့် ရင်ဆိုင်နေရကာ မြို့နယ်ပေါင်း ၈၀ ကျော်မှာလည်း အင်တာနက် ပိတ်ဆို့ခံနေရသည်။

“ဒီဂျစ်တယ်ငွေကြေးနဲ့ ငွေပေးချေမှုကို လုပ်ချင်ရင် အခြေခံစီးပွားရေး အဆောက်အအုံနဲ့ GDP အရမ်းစကားပြောတယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှု။ နောက်အရေးကြီးဆုံးက အင်တာနက်ပဲ။ အင်တာနက်က တစ်နိုင်ငံလုံးမှာ ဘယ်နေရာမဆို ရနေဖို့လိုတယ်။ အခု နစကက အင်တာနက်ကို ပိတ်ချင်တဲ့နေရာတွေမှာ လုံး၀ ပိတ်ချထားတာ။ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ VPN ပါ ထပ်ပိတ်တယ်။ ဒီဂျစ်တယ်ငွေကြေးနဲ့ ငွေပေးချေမှု လုပ်ချင်တယ်ဆိုပြီး အင်တာနက်တွေ လိုက်ပိတ်နေလို့ မရဘူး” ဟု ပုဂ္ဂလိကဘဏ် စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်း အမှုဆောင်ဒါရိုက်တာက သုံးသပ်သည်။

ဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေကြေးနှင့် ငွေပေးချေမှု သတ်မှတ်ချက်များ

————————————————————————-

စစ်ကောင်စီဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်များတွင် လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို လုပ်ငန်းဆောင်ရွက်မှုကို တစ်ကြိမ်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း ၅၀ သတ်မှတ်ထားခြင်း၊ လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများအပါအဝင် အုပ်စုအတွက် လုပ် ငန်းဆောင်ရွက်မှု ပမာဏကို တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀ သတ်မှတ်ထားသည်။

ထို့ပြင် မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံး လက်ကျန်ပမာဏကို ကျပ်သိန်း ၁၀၀ အထိသာထားရန်နှင့် ကျပ်သိန်း ၁၀၀ ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ် ဆက်၍ နေ့စဉ် ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်၊ ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းနှင့် အစိုးရငွေပေး ချေမှုများအတွက် Mobile Banking အသုံးပြုဆောင်ရွက်ခြင်းကို CBM-NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် တို့ကို ညွှန်ကြားသည်။

ကျပ်သိန်း ၁၀၀ နှင့်အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန်ရမည်ဖြစ်ပြီး ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများက CBM-NET ACH Functionကို ၂၄ နာရီအမြဲတမ်း အသုံးပြုနိုင်ရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာ ရွှေ့ပြောင်းထားရန် ညွှန်ကြားသည်။

စားသုံးသူ Wallet ကို အသုံးပြု၍ ကုန်သည်ကဲ့သို့ ရောင်းဝယ်မှုများ ဆောင်ရွက်ခြင်း ( လူပုဂ္ဂိုလ်ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုနိုင်စေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပေးချေမှုများတွင် အကြောင်းအရာ ဖော်ပြရန်နှင့် လုပ်ငန်းဆောင်ရွက် အကြိမ်အရေအတွက်ကို ကန့်သတ်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ဖြစ်ပေါ်လာနိုင်သော အခြေအနေများ

————————————-

စစ်ကောင်စီ၏ ဒီဂျစ်တယ်ငွေကြေး အစားထိုးရန် စီစဉ်မှုကြောင့် ဝန်ကြီးဌာန ဝန်ထမ်းတိုင်း၊ ရဲ၊ စစ်သား၊ စီး ပွားရေး လုပ်ငန်းများအားလုံး ဒီဂျစ်တယ်ငွေကြေး လက်ခံရန်၊ ငွေပေးချေမှု အသုံးပြုရန် အတင်းအကျပ် လုပ်ဆောင်လာဖွယ်ရှိသည်။ လူတိုင်းတွင် ဒီဂျစ်တယ်ငွေကြေး လက်ခံနိုင်သည့် အကောင့်များ ဖွင့်လှစ်ရန် မဖြစ်မနေ တွန်း အားပေးပြီး ဝန်ကြီးဌာနဆိုင်ရာအားလုံးတွင်လည်း အခွန်အခမှစ၍ အားလုံးကို ဒီဂျစ်တယ်ငွေကြေးကို လက်ခံမည့် အခြေအနေ များ ဖြစ်ပေါ်လာနိုင်သည်။

ဥပမာအားဖြင့်- လျှပ်စစ်မီတာခကို ငွေသားဖြင့် လက်မခံတော့ဘဲ ဒီဂျစ်တယ်ငွေကြေး ဖြင့်သာ ပေးဆောင်ရမည်ဆိုသော ညွှန်ကြားချက်များ ထွက်ပေါ်လာနိုင်သည်။ အထူးသဖြင့် ကျပ်ငွေ ငွေသားကို ကန့်သတ်သော ညွှန် ကြားချက်များ ဆက်တိုက်ထွက်ပေါ်လာနိုင်သည်။

စစ်ကောင်စီက ဝန်ထမ်းလစာမှ စ၍ ပင်စင်လစာအထိ ဒီဂျစ်တယ်ငွေကြေးဖြင့် လစာပေးပြီး သာမန်စျေးသည်မှစ၍ ဒီဂျစ်တယ်ငွေပေးချေမှု လက်ခံရမည်ဆိုသော အတင်းအကျပ် လုပ်သည့် အမိန့်များ ထွက်လာနိုင်သည်။

ဒီဂျစ်တယ်ငွေပေးချေမှု၊ ငွေသားအသုံးပြုနှင့်သက်ဆိုင်သော စက်များ၊ ငွေပေးချေ လက်ခံစက်များ၊ ဆော့ဝဲများအတွက် ပရောဂျက်များကို စစ်တပ်နှင့်နီးစပ်သော ၊ ဗိုလ်ချုပ်သားသမီးနှင့်ဆွေမျိုးများက ရယူလုပ်ကိုင်ကြဖွယ်ရှိသည်။

သေနတ်ထောက်၍ အမိန့်ဖြင့် အတင်းအကျပ်လုပ်ဆောင်သည့်အခြေအနေများကြောင့် ပြည်သူလူထုနှင့် စီးပွား ရေးအသိုင်းအ၀ိုင်းတွင် ကမောက်ကမများ ထပ်မံဖြစ်ပေါ်ကာ ငွေကြေးမတည်မငြိမ်ဖြစ်မှုများ ပိုမို ဖြစ်ပေါ်လာ နိုင်ခြေမြင့်တက်လျက်ရှိသည်။

အခြေခံ အဆောက်အအုံ မရှိဘဲ ထင်ရာစိုင်း စစ်ဗိုလ်ချုပ်များ၏ ဒီဂျစ်တယ်​ ငွေ ကြေးစနစ်က ပြိုလဲနေသော နိုင်ငံ့စီးပွားရေးကို ထပ်မံ၍ အပြီးတိုင် ဖြိုလဲ ဖောက် ခွဲ ဖျက်ဆီးမည့် ချိန်ကိုက်မိုင်းတစ်လုံး ဖြစ်လာနိုင်ကြောင်း ဘဏ္ဍာရေးနှင့် ငွေရေး ကြေးရေး ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

ဓာတ်ပုံ- စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်း ငွေကြေးများ ထုတ်ယူမှုကို စစ်ကောင်စီကန့်သတ်လိုက်သဖြင့် ATM တွင် ပြည်သူများ စုပုံ တိုးဝှေ့ငွေထုတ်ခဲ့ကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article