မတ္တရာမြို့နယ်၊ အုတ်ဖိုရွာသစ်ရွာနှင့် သန်းကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၉
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အုတ်ဖိုရွာသစ်ရွာနှင့် သန်းကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်နှင့် မွန်းလွဲ ၁ နာရီ ၃၉ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးဘက်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက မတ္တရာမြို့နယ်၊ အုတ်ဖိုရွာသစ်ရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အုတ်ဖိုရွာသစ်ရွာရှိ ပြည်သူပိုင် နေအိမ် ၂ လုံးပျက်စီးပြီး ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးကာ ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကလေးငယ် ၁ ဦး သေဆုံးတယ်ဆိုတာပဲ အတည်ပြုလို့ရသေးတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုများတယ် အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က သန်းကုန်းကျေးရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာစာသင်ကျောင်းအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။