နိုင်ငံတစ်ဝန်းတွင် K-Pay၊ AYA Pay နှင့် Wave Money အပါအဝင် Online Payment များအတွက် ငွေသားထုတ်ယူမှုကို ရာခိုင်နှုန်းဖြင့် ပေးနေရပြီး စျေးဆိုင်များနှင့်ဝန်ဆောင်မှုကုမ္ပဏီက ဒီဂျစ်တယ်ပေးချေမှုများကို လက်မခံ
ရန်ကုန်၊ ဇူလိုင် ၁၃
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းတွင် K-Pay၊ AYA Pay နှင့် Wave Money အပါအဝင် Online Payment များအတွက် ငွေသားထုတ်ယူမှုကို ရာခိုင်နှုန်းဖြင့်ပေးနေရပြီး စျေးဆိုင်များနှင့်ဝန်ဆောင်မှုကုမ္ပဏီက ဒီဂျစ်တယ်ပေးချေမှုများကို လက်မခံဖြစ်နေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
” K Pay က အခု ဆိုင်တချို့က တစ်သိန်းကို တစ်သောင်းတောင်းတယ်။ ၁၀ ရာခိုင်နှုန်းပေါ့။ တချို့ဆိုင်တွေကတော့ တစ်သိန်းကို ငါးထောင်တောင်းတယ်။ ဒါတောင်ငွေက ကိုယ်လိုချင်သလောက်မရဘူး။ ၃ သိန်း လောက်ပဲ ထုတ်လို့ရမယ်တဲ့။ အခြား Pay တွေလည်း အဲဒီလိုဖြစ်နေတယ်။ ပြီးတော့ ဆိုင်တွေနဲ့ စျေးဝယ် စင်တာတွေက K Pay ၊ AYA Pay ကို လက်မခံကြဘူး။ ငွေသားပဲ တောင်းတယ်။ တကယ်လို့ K Pay နဲ့ပေးမယ်ဆိုရင် ၅ ရာခိုင်နှုန်း အပိုတောင်းတယ်” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းလင်းပြောဆိုသည်။
အလားတူ Wave Money များလည်း ငွေအသွင်းသာလက်ခံပြီး ငွေထုတ်မရဖြစ်နေကြောင်း၊ ငွေသားထုတ်ယူမည်ဆိုပါကလည်း ရာခိုင်နှုန်း အများအပြားပေးနေရကြောင်း သိရှိရသည်။
ထို့ပြင် ဘဏ်များအတွင်းမှ ငွေသားထုတ်ယူမှုအပေါ် ရာခိုင်နှုန်းဖြင့် ငွေသားတောင်းခံ ငွေလဲပေးသည့် စနစ်များလည်း ပြန်လည်ဖြစ်ပေါ်နေပြီး အနည်းဆုံး ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ တောင်းယူနေကြကြောင်း၊ ယင်းသို့ ရာခိုင်နှုန်းဖြင့် ငွေ တောင်းယူမှုများမှာ ပုဂ္ဂလိကဘဏ်များဘက်မှ ငွေသားထုတ်ယူမှု အကန့်အသတ်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဟို ၂၀၂၁ ခုနှစ် အာဏာသိမ်းကာလတုန်းကလိုတော့ ရာခိုင်နှုန်းပေး ငွေထုတ်တာတွေ မတွင်ကျယ်ဘူး။ တကယ် ငွေသားအလျှင်လိုတဲ့သူတွေတော့ ရာခိုင်နှုန်းပေး လဲကြ၊ ငွေထုတ်တာရှိတယ်။ ဘဏ်တွေဘက်ကလည်း ငွေတွေ အကန့်အသတ်မရှိ ပြန်ထုတ်ပေးရင်တော့ ရာခိုင်နှုန်းနဲ့ လဲတာလည်း ချက်ချင်း ပျောက်သွားမှာဆိုတာ လူတွေအားလုံးကလည်း သိနေကြတယ်။ အခုက အရမ်းငွေအလျှင်လိုသူလောက်ပဲ ရာခိုင်နှုန်းနဲ့သွားလဲကြတာ။ ရာခိုင်နှုန်းစနစ်က အရင်လောက် မတွင်ကျယ်ပေမယ့် ပြန်တော့ ဖြစ်နေပြီလို့ ပြောလို့ရတယ်” ဟု ရန်ကုန်မြို့မှ Wave Money လဲလှယ်ဝန်ဆောင်ပေးသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီက ဇူလိုင်လ ၁ ရက်နေ့ ပုဂ္ဂလိကဘဏ် ၇ ခုကို အိမ်ရာချေးငွေ သတ်မှတ်ထားသည်ထက် ပိုမို ထုတ်ချေးမှုဖြင့် အရေးယူမည်ဟု ကြေညာပြီးနောက်ပိုင်း ပြည်တွင်း စီးပွားရေးကဏ္ဍတွင်ဘဏ် အကျပ်အတည်းနှင့် ဂယက်များ ဆက်တိုက် ထွက်ပေါ်လာခြင်းဖြစ်သည်။