27 C
Yangon

မြန်မာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ၁၇ ဦးကို လာအိုအစိုးရက မြန်မာစစ်အုပ်စုထံသို့ ဖမ်းဆီးပြန်ပို့မှု အရပ်ဘက်အဖွဲ့များက ကန့်ကွက် အိတ်ဖွင့်ပေးစာ ပေးပို့

Must read

မြန်မာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ၁၇ ဦးကို လာအိုအစိုးရက မြန်မာစစ်အုပ်စုထံသို့ ဖမ်းဆီးပြန်ပို့မှု အရပ်ဘက်အဖွဲ့များက ကန့်ကွက် အိတ်ဖွင့်ပေးစာ ပေးပို့

ရန်ကုန် | ဇူလိုင် ၂၈

မြန်မာလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ ၁၇ဦးကို တရားမဝင် မြန်မာစစ်အုပ်စုထံ လွှဲပြောင်းပေးအပ်တာကို ကန့်ကွက်တဲ့ အိတ်ဖွင့်ပေးစာတစောင်ကို လာအိုအစိုးရဆီ မြန်မာအရပ်ဖက်အဖွဲ့အစည်း တွေက ပေးပို့်ခဲ့ကြပါတယ်။

မြန်မာပြည်သူ ၁၇ ဦးကို တရားမဝင်စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လာအိုအစိုးရကို ကန့်ကွက်တယ်လို့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ဒါဟာ လာအိုနိုင်ငံ တုံဖုံမြို့ နယ်မှာ စစ်အာဏာရှင်တော်လှန် ရေး အတွက် ရန်ပုံငွေရှာနေတယ်လို့ စွပ်စွဲခံရတဲ့ မြန်မာပြည်သူ ၁၇ ဦးကို လာအိုရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းခဲ့တာကို ကန့်ကွက်တာ ဖြစ်ပါတယ်။

အခုလို ကန့်ကွက်တဲ့ အိတ်ဖွင့်ပေးစာမှာ မြန်မာပြည်သူတွေကို ဖမ်းဆီးအကျဉ်းချတာနဲ့ စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်တာတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုထားတာ‌တွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကနေ ထွက်ပြေးလာရသူ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ နေထိုင်ခွင့်ဗီဇာတွေ ပေးအပ်ဖို့ကိုလည်း မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေက လာအိုအစိုးရကို တောင်းဆိုထားပါတယ်။

မြန်မာစစ်အုပ်စုဟာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့မဆို အစိုးရတစ်ရပ်မဟုတ်လို့ မြန်မာပြည်သူတွေကို ဖမ်းဆီး ထိန်းသိမ်း

အကျဉ်းချတာတွေအတွက် တရားဝင်မှုမရှိဘူးလို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

မြန်မာစစ်အုပ်စုဟာ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” လို့ ရည်ညွှန်းသုံးစွဲနေပေမယ့် တရားမဝင်လို့ အစိုးရရုံးတွေကို အုပ်ချုပ်ပိုင်ခွင့် မရှိသလို မြန်မာနိုင်ငံ ဥပဒေ၊ နိုင်ငံတကာဥပဒေတွေမှာသတ်မှတ်ထားတဲ့ အကြမ်းဖက် အဖွဲ့အစည်း အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီတဲ့ ရာဇဝတ်အဖွဲ့အစည်းတစ်ရပ် ဖြစ်လို့ မြန်မာပြည်သူတွေက ငြင်းပယ်ထားတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ မြန်မာစစ်တပ်က လူပေါင်း ၅,၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ ၂၇,၀၀၀ ကျော်ကိုဖမ်းဆီးခဲ့ကာ၊ ၂၀,၇၀၀ ကျော် အကျဉ်းချခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား-မဖြစ်တည်မှု အခြေပြု အကြမ်းဖက်မှုတာ၊ အကြီးအကျယ်ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ မီးရှို့မှုများကို ကျူးလွန်ခဲ့တာတွေကြောင့် လူပေါင်း ၃သန်းကျော်နေရပ်စွန့်ခွာထွက်ပြေးခဲ့ ကြရတယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွဲချက်တွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုထံ လာအိုအစိုးရက လွှဲပြောင်းပေးအပ်လိုက်တဲ့ လုပ်ရပ်ကြောင့် မြန်မာပြည်သူတွေ အချိန်မရွေး မတရားသဖြင့် အသတ်ခံရနိုင်တဲ့အန္တရာယ်ကိုဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော သို့မဟုတ် ယုတ်ညံ့ သောဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ လက်မှတ်ရေး ထိုးထားတဲ့ လာအိုနိုင်ငံဟာ လူပုဂ္ဂိုလ်တွေကို ညှဉ်းပမ်းနှိပ်စက် ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့နောက်ထပ်နိုင်ငံတစ်ခုခုကို လွှဲပြောင်းပေးအပ်ခြင်းမပြုလုပ်ဖို့ တာဝန် ရှိတယ်လို့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြပါတယ်။

ဒါ့ကြောင့် အခုလိုဖြစ်ရပ်မျိုး နောက်ထပ် စစ်အုပ်စုထံကို လွှဲပြောင်းပေးအပ်တာတွေ မပြုလုပ်ဖို့ နဲ့ လာအိုနိုင်ငံမှာ ခိုလှုံလိုတဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို ကူညီစောင့်ရှောက်ပေးဖို့ကို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လာအိုအစိုးရထံပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ Be A Light in The Darkness၊ Blood Money Campaign၊ Defend Myanmar Democracy၊ National Alliance Bangkok ၊ New Power Generation၊ No Boundary Support (Group) N.B.S.G၊ Supporting Brothers ထောက်ပို့ ညီနောင်အဖွဲ့၊ တွဲလက်ညီထောက်ပို့အဖွဲ့၊ ထိုင်းရောက်အလုပ်သမားကူညီရေးအဖွဲ့ ( UFF ) ၊ ဒေါင်းသွေးနီ ထောက်ပို့အဖွဲ့၊ နွေဦးရောင်နီတွဲလက်ညီ ပြည်သူလက်ရုံးအဖွဲ့ ၊ အနာဂတ်အလင်းရောင်းသို့ ဖယောင်းတိုင်လေးများအဖွဲ့၊ မသူဦးဆောင်သောစည်းလုံးခြင်းသည်အင်အား ထောက်ပို့အဖွဲ့၊ မဟာမြေပြင်ထောက်ပို့အဖွဲ့ ၊ မေတ္တာညီကို ထောက်ပို့အဖွဲ့၊ ရောင်နီသစ်ဆီတက်လှန်းချီထောက်ပို့အဖွဲ့ ၊ လမ်းပြကြယ်ထောက်ပို့အဖွဲ့၊ အနာဂတ်ပန်းတိုင်သစ်ဆီသို့ အဖွဲ့၊ အနာဂါတ်အလင်းရောင်ထောက်ပို့အဖွဲ့ ၊ ပြည်သူ့ကောင်းကျိုးဆောင် ထောက်ပို့အဖွဲ့ ၊နွေဦးတော်လှန်ရေး အကျိုးတော်ဆောင်အဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း ၂၁ခုက လက်မှတ်ရေးထိုး ပေးပို့ခဲ့တာလို့ သိရှိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article