29 C
Yangon

စစ်ကောင်စီ လက်ထက် မြန်မာ့စီးပွားရေးဆိုင်ရာ လျှို့ဝှက်စစ်တမ်းကို UMFCCI က စီးပွားရေးလုပ်ငန်းရှင်များထံမှကောက် ယူခဲ့ရာတွင် အဆိုးဆုံးအခြေအနေရောက်ရှိနေပြီဟု ဖြေဆို

Must read

စစ်ကောင်စီ လက်ထက် မြန်မာ့စီးပွားရေးဆိုင်ရာ လျှို့ဝှက်စစ်တမ်းကို UMFCCI က စီးပွားရေးလုပ်ငန်းရှင်များထံမှကောက် ယူခဲ့ရာတွင် အဆိုးဆုံးအခြေအနေရောက်ရှိနေပြီဟု ဖြေဆို

■ ကျပ်ငွေတန်ဖိုးထိုးကျခြင်း၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားအင်အား ရှားပါးခြင်း၊ ပို့ကုန်ဒေါ် လာများ စစ်တပ်ထံ အပ်နှံရမှု ၊ သွင်းကုန်လိုင်စင် မရရှိမှု၊ လျှပ်စစ်မီးနှင့်စက်သုံးဆီ မလုံလောက်မှု အပါအဝင် ပြဿနာများ ကြုံနေရ

ရန်ကုန်၊ ဩဂုတ် ၇

အာဏာသိမ်း စစ်ကောင်စီလက်ထက် မြန်မာ့စီးပွားရေးအခြေအနေနှင့်ပတ်သက်၍ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) က လုပ်ငန်းရှင်များထံမှ လျှို့ဝှက်စစ်တမ်းတစ်ရပ်ကို ကောက်ခံခဲ့ရာတွင် လုပ်ငန်းရှင်များက အဆိုးဆုံးအခြေအနေရောက်ရှိနေသည်ဟု ဖြေဆိုထားကြောင်း UMFCCI မှ အလုပ်အမှုဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

UMFCCI လက်အောက်ရှိ A & R Committee က Business Sentiment Poll စစ်တမ်းတစ်ခုကို လုပ်ငန်းရှင်များထံသို့ ဖြန့်ဝေ၍ ကောက်ယူခဲ့ကြောင်း၊ ထိုစစ်တမ်းတွင် UMFCCI မှ စီးပွားရေးလုပ်ငန်းရှင် အမှုဆောင် ၄၂ ဦးက ပါဝင်ဖြေဆိုခဲ့ကြကြောင်း ၊ ထိုသို့ ဖြေဆိုကြသူ အများစုက လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေမှာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီဟု ဖြေဆိုထားကြခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေကို အဆင့်သတ်မှတ်သော စစ်တမ်းတွင် UMFCCI မှ စီးပွားရေး လုပ်ငန်းရှင် ၄၂ ဦးက ဖြေဆိုကြရာတွင် Bad( ဆိုးရွားအဆင့်) တွင် အများဆုံး ဖြေဆိုထားကြကြောင်း၊ Very Bad (အလွန်ဆိုးရွားအဆင့်) တွင် ဒုတိယအများဆုံး ဖြေဆိုထားကြကြောင်း၊ နောက် ၃ လ အတွက် မြန်မာ့စီးပွားရေးအလားအလာကို အဆင့် သတ်မှတ်သော စစ် တမ်းတွင်လည်း Bad (ဆိုးရွားအဆင့်)တွင် အများဆုံး ဖြေဆိုကြပြီး Very Bad (အလွန်ဆိုးရွား အဆင့်) တွင် ဒုတိယအများဆုံး ဖြေဆိုထားကြကြောင်း၊ လက် ရှိ ပို့ကုန်/သွင်းကုန် တင်ပို့မှု အခြေအနေများနှင့်ပတ်သက်သော စစ်တမ်းတွင်လည်း Bad(ဆိုးရွားအဆင့်)တွင် အများဆုံး ဖြေဆိုထားကြကြောင်း သိရှိရသည်။

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုအလားအလာ စစ်တမ်းတွင်လည်း Bad (ဆိုးရွားအဆင့် ) တွင် အများဆုံး ဖြေဆိုကြကြောင်း၊ လက်ရှိ စီးပွားရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ရရှိမှု အခြေအနေကို အဆင့်သတ်မှတ်သော စစ်တမ်းတွင်လည်း Bad (ဆိုးရွားအဆင့်)တွင် အများဆုံး ဖြေဆိုထားကြကြောင်း သိရှိရသည်။

“UMFCCI ရဲ့ မြန်မာ့စီးပွားရေး လျှို့ဝှက် စစ်တမ်းမှာ လက်ရှိနစက အပေါ်မှာ မယုံမကြည်တွေ ဖြစ်နေတာကို ပြသတယ်။ စစ်တမ်းမှာ ဖြေကြတာက မြန်မာ့စီးပွားရေးက ဘယ်လိုမှ နာလန်မထူနိုင်တော့ဘူး၊ အဆိုးဆုံးအခြေအနေ ရောက်နေပြီဆိုတာ ဖြေကြတယ်” ဟု UMFCCI မှ အလုပ်မှုဆောင်က သုံးသပ်ပြောဆိုသည်။

လတ်တလော UMFCCI ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ရိုက်ခတ်မှု ပြင်းထန်နေသည့် ကိစ္စမှာ ငွေလဲနှုန်းများ ရုတ် တရက် မြင့်တက်လာပြီး မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျနေမှုဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှု အကြီးအကျယ် ကြုံတွေ့နေရပြီး လုပ်သားအင်အားအများစုမှာ ပြည် ပ နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားမှုဖြစ်နေကြောင်း ၊ စီးပွားရေးလုပ်ငန်းများတိုးတက်ရန် အလားအလာ လုံး၀ မရှိဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

“စီးပွားရေးသမားတွေအားလုံးကြုံနေရတာက ငွေလဲနှုန်းပဲ။ ငွေလဲနှုန်းမှာ နစက က အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ သတ် မှတ်တယ်။ ဘဏ်တွေအကြားမှာ အရောင်းအဝယ်က တစ်ဒေါ်လာကို ၃၆၀၀ ဝန်းကျင်သတ်မှတ်ပေးတယ်။ ဒါပေမယ့် လက် တွေ့ ပြင်ပမှာက တစ်ဒေါ်လာကို ၅၄၀၀ လောက်ရှိနေတယ်။ ငွေလဲနှုန်း ၃ မျိုးဖြစ်နေတယ်။ လုပ်ငန်းရှင်တွေဘက်က သွင်း ကုန်တင်သွင်းဖို့ ဒေါ် လာ လိုချင်တော့ နစကက သူသတ်မှတ်တဲ့ငွေလဲနှုန်းနဲ့ မရောင်းပေးနိုင်ဘူး။ အဲဒီတော့ အပြင်မှာ တစ်ဒေါ်လာကို ၅၄၀၀ နဲ့ ဝယ်နေရတယ်။ အဲဒီငွေလဲနှုန်းနဲ့ စျေးသတ်မှတ်ရောင်းတာမျိုးကိုလည်း ခွင့်မပြုဘူး။ အဲဒီလိုတွေ ဖြစ်နေတယ်” ဟု UMFCCI မှ အလုပ်အမှုဆောင်က ရှင်းပြသည်။

ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ချိန်မှစတင်ပြီး အလုပ် သမား ရှားပါးမှု အကြီးအကျယ် ကြုံတွေ့နေကြောင်း၊ လူငယ် လုပ်သားအင်အားများမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြပြီး မြို့ပြဒေသများတွင် လူငယ် လုပ်သားအင်အား မရှိသလောက် နည်းပါးနေကြောင်း သိရှိရသည်။

“အခု UMFCCI မှာ အဓိက ဆွေးနွေးနေရတာက အလုပ်သမားမရှိတော့တဲ့ ပြဿနာ။ စီးပွားရေးဆိုင်ရာ အစည်းအဝေး တွေအားလုံးမှာ အဲဒီပြဿနာကို အသင်းတွေဘက်က တင်ပြကြသလို လုပ်ငန်းရှင်တွေဘက်ကလည်း တင်ပြတယ်။ အဲဒီမှာ လုပ်သားအင်အားရှားပါးတာက အောက်ခြေ အလုပ်သမားတင်မဟုတ်ဘူး၊ ပညာရှင် အလုပ်သမားတွေပါ အကုန် ပြည်ပထွက်ကုန်ကြတာပဲ။ ဥပမာဆိုရင် IT ပညာရှင် လူငယ်တွေ အိမ်နီးချင်း ထိုင်း၊စင်ကာပူကို ထွက်ခွာသွားလို့ HR Shortage ဖြစ်နေတာ။ နောက်ဆုံး IT ပညာရှင် လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပေးပါဆိုတာမျိုးတောင် တင်ပြလာကြတယ်။ တကယ်က ကျွမ်းကျင် လုပ်သားရော၊ အောက်ခြေ လုပ်သားရော အကုန်ရှားပါးကုန်တာ။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကလည်း မနေကြတော့ဘူး” ဟု UMFCCI အမှုဆောင်က ဆိုသည်။

ထို့ပြင် ပို့ကုန်သွင်းကုန်ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေမှ အမေရိကန်ဒေါ်လာများကို ၃၅/၆၅ စနစ်ဖြင့် စစ်ကောင်စီထံ ဒေါ်လာ များ အပ်နှံရန် စစ်တပ်က ညွှန်ကြားထားခြင်းကြောင့် ကုမ္ပဏီများ အခက်အခဲဖြစ်နေရကြောင်း၊ သွင်းကုန်လိုင်စင်များကိုလည်း ထိန်းချုပ်ထားဖြင့် ဆေးဝါး၊ ဓာတ်မြေဩဇာ အပါအဝင် သွင်းကုန်များ မတင်သွင်းနိုင်တော့ကြောင်း ၊ ဥပမာအားဖြင့်- မြန်မာနိုင်ငံတွင် အင်ဆူလင်ဆေးဝါး ပြတ်လပ်နေပြီး ဆီးချိုဝေဒနာရှင်များ သေဆုံးမှုများ မြင့်တက်လာမှုများပင် ရှိနေကြောင်း သိရှိရသည်။

“အချုပ်ပြောရမယ်ဆိုရင်တော့ လျှပ်စစ်မီးက မရဘူး။ စက်သုံးဆီကလည်း လိုသလောက်မရဘူး။ ကုန်ထုတ်လုပ်ငန်းတွေအတွက် လိုအပ်တဲ့ သွင်းကုန်တွေကိုလည်း လိုင်စင်တွေ ထုတ်မပေးဘူး။ ငွေလဲနှုန်းကလည်း မငြိမ်ဘူး။ ပို့ကုန်ပို့လို့ အမေရိကန်ဒေါ်လာ ရရင်လည်း ၃၅ ရာခိုင်နှုန်းကို နစကဆီ အပ်ရမယ်။ ပို့ကုန်ရငွေ ဒေါ်လာ ၆၅ ရာခိုင်နှုန်းကိုလည်း ဗဟိုဘဏ်သတ်မှတ်ငွေလဲစျေးနဲ့ ရောင်းခိုင်းတယ်။ အလုပ်သမားကလည်း ရှာမရတော့ဘူး။ စီးပွားရေးက ဘယ်လိုမှ ကောင်းလာစရာမရှိဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေတောင်မှ ကိုယ့်လုပ်ငန်းတွေကို အခြားနိုင်ငံတွေဆီ ရွှေ့ဖို့ လုပ်ကြတယ်။ ရွှေ့လည်း ရွှေ့နေကြပြီ” ဟု UMFCCI အလုပ်အမှုဆောင်က ရှင်းလင်းပြောဆိုသည်။

ထို့အတူ စစ်ကောင်စီက UMFCCI နှင့် စီးပွားရေးအသင်းအဖွဲ့များမှ ခေါင်း ဆောင် များကို ခေါ်ယူ စစ်ဆေးခြင်း၊ ဖမ်းဆီးသည့်ပုံစံမျိုး ရက်ပေါင်းများစွာ ထိန်းသိမ်းထားခြင်းတို့ကြောင့်လည်း လုပ်ငန်းရှင်အများစုမှာ စီးပွားရေးလုပ် ငန်းများကို ဆက်လက် လုပ်ကိုင်စိတ် ပျောက်ဆုံးနေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article