နောင်ချိုမြို့နယ်၊ ရေဖြူရွာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ စစ်တပ်က ကွတ်ခိုင်မြို့၊ သီပေါမြို့ကို လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ တိုက်ခိုက်နေ
ရန်ကုန်၊ သြဂုတ် ၇
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ရေဖြူရွာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကွတ်ခိုင်မြို့နှင့် သီပေါမြို့ကို လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောဆိုသည်။
ယနေ့ သြဂုတ်လ ၇ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် နောင်ချိုမြို့နယ်၊ ရေဖြူရွာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တအာင်းတပ်မတော် TNLA တည်ရှိရာကို ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သြဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ကွတ်ခိုင်မြို့ကို ကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူပိုင် နေအိမ် အဆောက်အဦးအချို့ ထိခိုက် ပျက်စီးခဲ့ပြီး လူထိခိုက် သေဆုံးမှုမရှိကြောင်း သိရှိရသည်။
အလားတူ သြဂုတ်လ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သီပေါမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နောင်ကော်ကြီးကျေးရွာ ရေလယ်ဘုရား ကျောင်းအတွင်း ကျရောက် ပေါက်ကွဲကာ ကျောင်းဝင်းအတွင်းရှိ သံဃာတော် ၁ ပါးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး သံဃာတော် ၁ ပါး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြကြောင်းသိရှိရသည်။
သြဂုတ်လ ၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကွတ်ခိုင်မြို့ကို တစ်နေ့အတွင်း ၄ ကြိမ် လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ခံ ပြည်သူ ၆ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း၊ ကွတ်ခိုင်မြို့မစျေးလည်း မီးလောင်သွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၄၀၁ ခန်း မီးလောင် ပျက်စီးသွားခဲ့ကြောင်း TNLA ကပြောဆိုသည်။