ရန်ကုန်၊ မေ ၂
အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ခေတ်သစ်အပါအဝင် မီဒီယာများကို ပြည်သူများ မယုံကြည်ရေး လက်ကမ်း စာစောင်များ စစ်တပ်၊ ရဲနှင့်ထွေအုပ်က ယနေ့ စတင်ဖြန့်ဝေလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းရပ်ကွက်က အတည်ပြုသည်။
“မီဒီယာတွေကြောင့် တိုင်းပြည်က အခုလို မငြိမ်းချမ်းဘဲ ဖြစ်နေတာ။ မီဒီယာတွေကို ပြည်သူတွေက မယုံဖို့ အရေး ကြီးတယ်လို့ နစက အစည်းအဝေးမှာ နစက ဥက္ကဋ္ဌက ညွှန်ကြားတယ်။ အဲဒါကြောင့် မီဒီယာတွေကို မယုံကြည်ဖို့ လက်ကမ်းစာစောင်တွေ ထုတ်ပြီး ဝေတာပါ။ လတိုင်းဝေငှသွားဖို့ရှိတယ်”ဟု ထွေ/အုပ်ဝန်ထမ်းတစ်ဦးကပြောသည်။
ယနေ့ မေလ ၂ ရက်နေ့တွင် မီဒီယာများကို မယုံကြည်ရန် ဆိုသော လက်ကမ်းစာစောင်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထွေအုပ်၊ ရဲ၊ စစ်တပ်၊ မီးသတ်၊ ပညာရေးဝန်ထမ်းများက ပြည်နယ်/တိုင်းအားလုံးတွင် လမ်းဆုံ၊ လမ်းခွများတွင် စတင် ဖြန့်ဝေကြောင်း သိရှိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် Khit Thit ၊ DVB ၊ Mizzima ၊ Irrawaddy ၊ Delta News Agency ၊ Techileike News တို့၏ သတင်းများသည် တိုင်းပြည်ဖျက်ဆီးနေသော လုပ်ကြံသတင်းများ ဖြန့်ဝေနေကြောင်း၊ Khit Thit သတင်းဌာနသည် သတင်း ၂၈၁ ပုဒ် ဧပြီလအတွင်း ထုတ်ဝေပြီး သတင်းအားလုံး အမှားဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် လာမည့် ကျောင်းဖွင့်ရာသီတွင် စာသင်ကျောင်းများသို့ မီဒီယာများက တိုင်းပြည်ဖျက်ဆီးနေသည်ဟုဆိုသော ဝါဒဖြန့် လက်ကမ်းကြော်ငြာများ ဝေငှမည်ဖြစ်ပြီး စာသင်ခန်းများတွင်လည်း ကျောင်းသားများကို ယင်းကဲ့သို့သော အသိပညာပေးမှုများ သင်ကြားပေးမည်ဟု သိရှိရသည်။
“လစဉ်ကျောင်းကို အဲဒီလက်ကမ်းကြော်ငြာ(မီဒီယာများက သတင်းတု ထုတ်လွှင့်ဆိုသော ဝါဒဖြန့် လက်ကမ်းစာစောင်) လာပေးတယ်။ ကျောင်းသားတွေကို လာမယ့်ကျောင်းဖွင့်ရာသီမှာ သင်ပေးရမယ်လည်း ပြောတယ်” ဟု မရမ်းကုန်းမြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်တပ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်ပြီး FACT CHECK ဟူသော အဖွဲ့တစ်ခုကို ထူထောင်ကာ Khit Thit အပါအဝင် မီဒီယာများ၏ သတင်းများကို သတင်းတု သတင်းမှားဖြစ်ကြောင်း တန်ပြန် ဝါဒဖြန့် ချိမှုများ၊ စစ်တမ်းများ၊ ဇယားများ ရေးဆွဲပြီး မီဒီယာကို မီဒီယာနှင့် တိုက်ခိုက်သည့် ယခင် မူဝါဒဟောင်းကို ပြန်လည် အကောင်အထည်ဖော်နေကြောင်း စစ်တပ် သတင်းရင်းမြစ်များထံမှ သိရှိရသည်။