ညောင်ဦးမြို့နယ်၊ ကုလားတဲရွာတွင် စစ်သားသစ် စုဆောင်းပေးနေသော အုပ်ချုပ်ရေးမှူး လှမြင့်ဦး ပစ်ခတ်ခံရပြီး သေဆုံး ၊ လက်လုပ် သေနတ်နှင့် လက်ပစ်ဗုံးတို့ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၉
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုလားတဲရွာတွင် စစ်သားသစ် စုဆောင်းပေးနေသော အုပ်ချုပ်ရေးမှူး လှမြင့်ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာ၌ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး လှမြင့်ဦး(ခ) ပါကျဲကို နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး လက်လုပ် ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည်ဆံ ၅ တောင့်နှင့် လက် ပစ်ဗုံး ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“သူ့အိမ်ထဲ အထိ ဝင်ရှင်းခဲ့တာပါ။ သူက အကြမ်းဖက် စကစအလိုကျ ကျေးရွာနေ ပြည်သူတွေ အပေါ် နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်စက်တယ်။ အတင်းအဓမ္မငွေကြေးတွေကောက်တယ်။ ကျေးရွာနေ လူငယ်တွေကိုလည်း အတင်းအဓမ္မခေါ်ပြီး စစ်ထဲထည့်သွင်းနေလို့ ဝင်ရောက်ပစ်ခတ်ရှင်းလင်းလိုက်ရ တာပါ” ဟု ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို ပုဂံပြည်ဘီးလူးတပ်နှင့် ငါ့သရောက် PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အနေဖြင့် တာဝန်မှ အမြန်ဆုံးနှုတ်ထွက်ပြီး ပြည်သူလူထုနှင့်အတူ ရပ်တည်ပူးပေါင်းကြရန် ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ် ဦးက ဆက်လက် ပြောဆိုသည်။