31 C
Yangon

ဥရောပအကြီးဆုံးလေယာဥ်ကုမ္ပဏီကြီး Airbus ၏မိတ်ဖက် တရုတ်ကုမ္ပဏီ AVIC က Y-12 လေယာဥ်အပါအဝင် စစ်လေယာဥ်များနှင့်ဒုံးကျည်အမျိုးမျိုးကို မြန်မာစစ်တပ်ထံ ရောင်းချထား

Must read

ဥရောပအကြီးဆုံးလေယာဥ်ကုမ္ပဏီကြီး Airbus ၏မိတ်ဖက် တရုတ်ကုမ္ပဏီ AVIC က Y-12 လေယာဥ်အပါအဝင် စစ်လေယာဥ်များနှင့်ဒုံးကျည်အမျိုးမျိုးကို မြန်မာစစ်တပ်ထံ ရောင်းချထား

ရန်ကုန်၊ စက်တင်ဘာ ၂၈

ဥရောပအကြီးဆုံးလေယာဥ်ကုမ္ပဏီကြီး Airbus ၏ မိတ်ဖက်ဖြစ်သော တရုတ်လက်နက်ကုမ္ပဏီ Aviation Industry Corporation of China’s (AVIC) သည် မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် စစ်လက်နက်များ တစိုက်မတ်မတ်ရောင်းချထောက်ပံ့နေကြောင်း Justice For Myanmar နှင့် Info Birmanie အဖွဲ့တို့က အထောက်အထားများနှင့်တကွ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ််ပြန်ခဲ့သည်။

ဥရောပအကြီးဆုံးလေယာဥ်ကုမ္ပဏီကြီး Airbus သည် AVIC မှတဆင့် စစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေ

==================

ဥရောပအကြီးဆုံး လေယာဥ်ထုတ်လုပ်ရေးကုမ္ပဏီကြီး Airbus ကို စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရ တို့က အဓိကပိုင်ဆိုင်ထားသည်။ ၄င်းတို့နောက်ဆုံးထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အဆိုပါ ဥရောပလေယာဉ်ကုမ္ပဏီကြီး Airbus၊ တရုတ်ကော်ပိုရေးရှင်း AVIC နဲ့ မြန်မာစစ်အုပ်စုတို့ကြားက မသမာသည့် သုံးပွင့်ဆိုင် စီးပွားရေးပတ်သက်ဆက်နွှယ်နေမှုတွေကို ဖော်ထုတ်ထားသည်ဟု Justice for Myanmar (JFM) က ဆိုသည်။

ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus သည် တရုတ်လက်နက်ကုမ္ပဏီကြီး AVIC ၏ ဟောင်ကောင်မှတ်ပုံတင်ကုမ္ပဏီ AviChina တွင် အဓိကရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ တရုတ်နိုင်ငံရှိ AVIC ၏ မဟာဗျူဟာမိတ်ဖက်လည်း ဖြစ်သည်။

JFM အစီရင်ခံစာတွင် တိုက်ခိုက်ရေး တရုတ်ဂျက်လေယာဉ်များနှင့် ဒုံးကျည်များ အပါအဝင် AVIC က မြန်မာစစ်တပ်ကို လတ်တလောရောင်းချခဲ့သည့် လက်နက်ခဲယမ်းများ၏ အသေးစိတ် အချက်အလက်အသစ်များ ပါဝင်သည်။

အခြားတစ်ဖက်တွင်လည်း AVIC မှ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း ရောင်းချနေမှုများကို ၄င်း၏မိတ်ဖက်ဖြစ်သော ဥရောပ Airbus လေယာဥ်ကုမ္ပဏီကြီးမှ ရေငုံနှုတ်ပိတ်ကာ မသိကျိုးကျွံပြုနေသည်။ ယင်းဖြစ်စဥ်တွင် Airbus ၏ အဓိကရှယ်ယာရှင်များဖြစ်ကြသည့် စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရများအနေဖြင့် ၄င်းတို့ မြန်မာပြည်သူများထံသို့ ရည်ရွယ်ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များနှင့် လက်တွေ့ Airbus နှင့် ပတ်သက်သည့် ၄င်းတို့၏ မသိကျိုးကျွံပြုမှုတို့၏ ဝိရောဓိဖြစ်နေမှုကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက “ … အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့သည့် စစ်လက်နက်များကို နိုင်ငံတကာဥပဒေချိုးဖောက်၍ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်ရာတွင် အသုံးပြုလိမ့်မည်ကို သိရှိခဲ့ကြ သို့မဟုတ် မျှော်တွေးနိုင်ခဲ့ကြမည် ဖြစ်သည်” ဟု ရေးသားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် မဆင်မခြင်လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်လေယာဉ်များကို အကြီးအကျယ် အသုံးပြုလာခဲ့သည်ဟုလည်း JFM ကဆိုသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်သော တိုက်လေယာဥ်နှင့် လက်နက်ပစ္စည်းများကို မြန်မာစစ်တပ်ထံ တရုတ်ကုမ္ပဏီ Aviation Industry Corporation of China (AVIC)က ရောင်းချထောက်ပံ့ထားသည်။ Aviation Industry Corporation of China (AVIC) သည် တရုတ်နိုင်ငံပိုင် လေကြောင်းနှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကြီး ဖြစ်သည်။ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တော်တွင် ရုံးချုပ်တည်ရှိပြီး၊ တရုတ်နိုင်ငံပိုင် State-owned Assets Supervision and Administration Commission (SASAC) က အလုံးစုံထိန်းချုပ်ထားသည်။

ကမ္ဘာ့အကြီးဆုံးလက်နက်ကုမ္ပဏီကြီးထဲမှ တစ်ခုဖြစ်သည့် AVIC သည် တရုတ်နိုင်ငံအတွင်း လုပ်ငန်းခွဲ ရာနှင့်ချီ၍ ဖွင့်လှစ်ထားပြီး၊ နိုင်ငံရပ်ခြားလုပ်ငန်းခွဲ တစ်ရာကျော်ကိုလည်း ဖွင့်လှစ်လုပ်ကိုင်နေသည်။ AVIC သည် စစ်ဘက်လေယာဉ်များနှင့် ယင်းလေယာဉ်များအတွက် အဓိကအစိတ်အပိုင်းများကို ၎င်း၏ကုမ္ပဏီခွဲများနှင့်လည်း ဖက်စပ်ထုတ်လုပ်နေပြီး၊ တရုတ်နိုင်ငံရှိ စစ်ဘက်လေယာဉ်ထုတ်လုပ်ရေးကဏ္ဍကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ခွင့် ရရှိထားသည်ဟု သိရသည်။

ဥရောပ Airbus ကုမ္ပဏီကြီးနှင့် တရားဝင်ပူးပေါင်းလုပ်ကိုင်နေသော AviChina သည် AVIC ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။ ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် ယင်းကုမ္ပဏီကို ၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ တည်ထောင်ခဲ့သည်။ ပြည်ပလေကြောင်းထုတ်လုပ်ရေး ကုမ္ပဏီများနှင့် ပူးတွဲ၍ လေကြောင်းဆိုင်ရာ ထုတ်ကုန်များအား တီထွင်ထုတ်လုပ်နေပြီး၊ ယင်းကုမ္ပဏီအုပ်စု၏ အဓိကထုတ်ကုန်များတွင် မြန်မာစစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုနေသော K8 လေ့ကျင့်ရေး လေယာဉ်နှင့် Y-12 ဘက်စုံသုံးလေယာဉ်များ ပါဝင်ကြောင်း သိရ သည်။

AviChina ရှိ Airbus ၏ လက်ရှိရှယ်ယာတန်ဖိုးသည် ဟောင်ကောင်ဒေါ်လာ ၁.၁၃ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၁၄၅ သန်း) ရှိသည်။ ၂၀၁၈ ခုနှစ်တွင် Airbus သည် AviChina တွင် နောက်ထပ် ဟောင်ကောင်ဒေါ်လာ သန်း ၁၈၀ (အမေရိကန်ဒေါ်လာ ၂၃ သန်း) ထပ်မံရင်းနှီးမြှုပ်နှံခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခဲ့သည်။

Airbus SE ကုမ္ပဏီသည် ဥရောပရှိ လေယာဉ်တည်ဆောက်မှုနှင့် အာကာသဆိုင်ရာ အကြီးဆုံးကုမ္ပဏီ တစ်ခု ဖြစ်သည်။ ကုမ္ပဏီ၏ အဓိကလုပ်ငန်းများတွင် အရပ်ဘက်လေယာဉ်များ၊ ဟယ်လီကော်ပတာ များ၊ ကာကွယ်ရေးပစ္စည်းများ၊ လုံခြုံရေးပစ္စည်းများနှင့် အာကာသဆိုင်ရာပစ္စည်းများ ထုတ်လုပ်ခြင်း ပါဝင်သည်။

Airbus ၏ ရှယ်ယာရှင်များတွင် ပြင်သစ်အစိုးရ (၁၀.၈ %)၊ ဂျာမဏီအစိုးရ (၁၀.၈ %) နှင့် စပိန် အစိုးရ (၄.၁ %) တို့ ပါဝင်သည်။ Airbus ၏ ပင်မရုံးသည် ပြင်သစ်နိုင်ငံတွင်ရှိသော်လည်း၊ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းရုံးချုပ်သည် နယ်သာလန်နိုင်ငံတွင် ရှိသည်။

Airbus ၏အဓိကပိုင်ရှင်များဖြစ်ကြသည့် ပြင်သစ်အစိုးရ၊ ဂျာမဏီအစိုးရနှင့် စပိန်အစိုးရတို့သည် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အကြိမ်ကြိမ် ရှုတ်ချခဲ့ကြသည်။

သို့သော် ၄င်းတို့ပိုင် Airbus က တရုတ် AVIC တွင် ရင်းနှီးမြုပ်နှံထားမှု၊ တရုတ်လုပ်ငန်းစု AVIC နှင့် ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေခြင်းများသည် ၄င်းတို့ပြောဆိုချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ၎င်းတို့၏ မြန်မာပြည်သူများနှင့်အတူ ရပ်တည်သည်ဟု အကြိမ်ကြိမ်ထုတ်ပြန်ချက်များအ‌ပေါ်ကိုလည်း ထိခိုက်စေသည်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာစစ်အုပ်စုထံ ရောင်းချခဲ့သည့် လေယာဉ်များတွင် ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များနှင့် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်များ ပါဝင်သည်။ ယင်းလွှဲပြောင်းပေးပို့မှုများကို China National Aero-Technology Import & Export Corporation (CATIC) က ဆောင်ရွက်ပေးခဲ့သည်။ CATIC သည် AVIC က ပံ့ပိုးထားသည့် နောက်ထပ်တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ၎င်းတို့လေယာဉ်များကို နိုင်ငံတကာသို့ ရောင်းချသည်။

ဥရောပ Airbus ကုမ္ပဏီသည် အပေါ့စားဟယ်လီကော်ပတာ EC120 Colibri အတွက် ဒီဇိုင်းရေးဆွဲရာတွင် CATIC နှင့် မိတ်ဖက်ဆောင်ရွက်သည်။ CATIC နှင့် မိတ်ဖက်ဆောင်ရွက်ရာတွင် Airbus Helicopters ကုမ္ပဏီ မှတဆင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ Harbin Aviation Industries Group (AVIC ၏ ကုမ္ပဏီခွဲ HAIG) နှင့် Singapore Technologies Aerospace Ltd (ST Aero) တို့လည်း အတူတကွ ပါဝင်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာစစ်တပ်သည် FTC-2000G အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ပထမအသုတ် ပေးပို့မှုကို လက်ခံရရှိခဲ့သည်။ FTC-2000G လေယာဉ်ကို AVIC ၏ ကုမ္ပဏီခွဲ Guizhou Aviation Industries Corporation (GAIC) က ထုတ်လုပ်သည်။ အဆိုပါလေယာဉ်သည် မြေပြင်ပစ်မှတ်များအား လေကြောင်းတိုက်ခိုက်မှုအတွက် ဒုံးကျည်၊ ဒုံးပျံ သို့မဟုတ် ဗုံး တန်ချိန် ၃ တန် အထိ သယ်ယူနိုင်ပြီး၊ လေ့ကျင့်ပျံသန်းရေး၊ ဝေဟင်ကင်းထောက်လုပ်ငန်းများ၊ ထောက်လှမ်းရေး လုပ်ငန်းများ၊ အီလက်ထရောနစ်စစ်ဆင်ရေးနှင့် အနီးကပ်လေကြောင်းပစ်ကူပေးရေးတို့အတွက်လည်း အသုံးပြုနိုင်သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာ့လေတပ်၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် AVIC ကုမ္ပဏီခွဲများမှ ထုတ်လုပ်သည့် အခြားလေယာဉ်များနှင့်အတူ FTC 2000G လေယာဉ် ၆ စင်း (နောက်မြီးနံပါတ် ၁၄၀၁၊ ၁၄၀၂၊ ၁၄၀၃၊ ၁၄၀၄၊ ၁၄၀၅ နှင့် ၁၄၀၆) တို့ကို ထုတ်ပြခဲ့သည်။

CATIC ကိုယ်စားလှယ်များသည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း Justice For Myanmar ကဆိုသည်။ စစ်အုပ်စုထံ စစ်လေယာဉ်များ အပါအဝင် စစ်ဘက်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ရောင်းချထောက်ပံ့နေသည့် CATIC ၏ အခန်းကဏ္ဍကို အနီးကပ်ဆုံး ၂၀၂၃ ခုနှစ်၊ မေလတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အစီရင်ခံစာ ထုတ်ပြန်ပြောဆိုခဲ့သည်။

ပေါက်ကြားလာသော မြန်မာ့လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် CATIC ၏ ကိုယ်စားလှယ်များအကြား ၂၀၁၉ ခုနှစ် အစည်းအဝေးမှတ်စုတစ်ခုတွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၃၁ သန်းကျော် (၂၃၁,၆၀၀,၀၀၀) တန်ဖိုးရှိ အရောင်းအဝယ် သဘောတူညီချက်များ ပါဝင်ကြောင်း JFM ကထုတ်ပြန်ခဲ့သည်။

ယင်းတွင် အရေးပေါ်လေယာဉ်ပစ္စည်းကိရိယာများ၊ ညဘက်စစ်ဆင်ရေးလုပ်ဆောင်နိုင်စွမ်းနှင့် ထောက်လှမ်းရေးကိရိယာများ၊ IR နှင့် UV သတိပေးစနစ်များကဲ့သို့သော သီးသန့်မှာယူသည့် ပြုပြင်မွမ်းမံမှုများလည်း ပါဝင်သည်ဟု ဆိုသည်။

သဘောတူညီချက်တွင် မြန်မာနိုင်ငံမှ လေယာဉ်မောင်း ၁၂ ဦးနှင့် စက်မှုအရာရှိ ၄၈ ဦးတို့အား တရုတ်နိုင်ငံတွင် လက်တွေ့လေ့ကျင့်သင်တန်းပေးရန်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း FTC-2000G လေယာဉ်များအတွက် ဒုံးကျည်အိမ် (mission pods) များနှင့် အပိုပစ္စည်းများကို မြန်မာ့လေတပ်မှ ထပ်မံဝယ်ယူရန် ကတိကဝတ်များလည်း ပါဝင်သည်။

ယင်းလျှို့ဝှက်ပေါက်ကြားလာသော အစည်းအဝေးမှတ်တမ်းတွင် မြန်မာစစ်အုပ်စုက အမေရိကန်ဒေါ်လာ ၇ သန်းကျော် (၇,၁၃၂,၅၀၀) တန်ဖိုးရှိ PL05 DE ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်အစုံလိုက် ဝယ်ယူရန် ကတိကဝတ်ကိုလည်း တွေ့ရပြန်သည်။ ယင်းဝယ်ယူမည့်အစုံလိုက်တွင် PL-5 DE ဒုံးကျည်နှစ်စင်း၊ လေ့ကျင့်ရေးဒုံးကျည် နှစ်စင်း၊ တွဲဖက်ပစ္စည်းများနှင့် စမ်းသပ်ကိရိယာများ၊ စာရွက်စာတမ်းများနှင့် သင်တန်းများ ပါဝင်သည်။

ထို့အပြင် CATIC သည် SD-10 A ဒုံးကျည်နှစ်စင်း၊ လေ့ကျင့်ရေးဒုံးကျည်နှစ်စင်း၊ တွဲဖက်ပစ္စည်းများနှင့် စမ်းသပ်ကိရိယာများ၊ စာရွက်စာတမ်းများနှင့် သင်တန်းများ ပါဝင်သည့် အမေရိကန်ဒေါ်လာ ၉ သန်းကျော် (၉,၇၄၁,၀၀၀) တန်ဖိုးရှိ SD-10 A ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်အစုံလိုက်ကိုလည်း ရောင်းချပေးရန် အဆိုပြုထားသည်။

အများပြည်သူရရှိနိုင်သည့် သတင်းအချက်အလက်များအရ မြန်မာ့လေတပ်သည် FTC-2000G နှင့် ပတ်သက်သည့် သင်တန်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စုက နိုင်ငံတဝန်း လူနေထူထပ်ရာဒေသများရှိ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့် မဆင်မခြင်လေကြောင်းတိုက်ခိုက်မှုများတွင် FTC-2000G လေယာဉ်များကို အသုံးပြုထားကြောင်း တွေ့ရသည်။ ထူးခြားမှုအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာဒေသတွင် ဗုံးကြဲရန် ပျံသန်းလာသည့် FTC-2000G လေယာဉ်တစ်စင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က ပစ်ချခဲ့သည်။

ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ မြန်မာ့လေတပ်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကရင်နီပြည်နယ်အတွင်း FTC-2000G နှင့် K-8 လေယာဉ်များကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု များစွာကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

AVIC နှင့် Y-12 လေယာဥ်

===========

Y-12 သည် AVIC ကုမ္ပဏီခွဲ Harbin Aircraft Industry Group (HAIG) က ထုတ်လုပ်သည့် တာဘိုအင်ဂျင်သုံး သယ်ယူပို့ဆောင်ရေးနှင့် ဘက်စုံသုံးလေယာဉ်ဖြစ်သည်။ HAIG ကုမ္ပဏီကို ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် AVIC ကုမ္ပဏီခွဲတစ်ခုဖြစ်သော AviChina Industry & Technology Company Limited (AviChina) က တိုက်ရိုက်ပိုင်ဆိုင်သည်။ AviChina တွင် ကရောပ Airbus က ရင်းနှီးမြှုပ်နှံထားသည်။

AVIC သည် မြန်မာနိုင်ငံသို့ Y-12 လေယာဉ်များစွာ ရောင်းချပေးပို့ထားကြောင်း လူသိရှင်ကြား အတည်ပြုထားသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း Airbus ကုမ္ပဏီသည် ယခင်ကလည်း EC120 Colibri ဟယ်လီကော်ပတာအား ဒီဇိုင်းထုတ်လုပ်ခြင်းလုပ်ငန်းအတွက် HAIG နှင့် ပူးပေါင်းဆောင်ရွက်သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် Harbin Y-12 လေယာဉ် လေးစင်းကို မြန်မာ့လေတပ်က တပ်တော်ဝင်စေခဲ့သည်။ မြန်မာ့လေတပ်တွင် အသုံးပြုနေသည့် Y-8 ကဲ့သို့သော အလတ်စားသယ်ယူပို့ဆောင်ရေး လေယာဉ်များထက် ကုန်ကျစရိတ်သက်သာထိရောက်သည့်အတွက်စစ်ကောင်စီက Y-12 လေယာဉ်များကို ကင်းထောက်လုပ်ငန်းများအတွက်သာမက စစ်ဆင်တိုက်ခိုက်ရေးလုပ်ငန်းများတွင်ပါ အသုံးပြုနေခြင်း ဖြစ်သည်။

ထိုလေယာဉ်များကို ဝယ်ယူလက်ခံသူသည် မြန်မာ့လေတပ်ဖြစ်သည်ဆိုသည့်အချက်က အဆိုပါ Y-12 လေယာဉ်များကို မြန်မာစစ်အုပ်စုက လက်ဝယ်အသုံးပြုမည်ဖြစ်ကြောင်းမှာ တွေးကြည့်ဖို့ပင် မလိုပေ။

မြန်မာစစ်တပ်သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ဒေသ အပါအဝင် နိုင်ငံတဝှမ်း စစ်ဆင်ရေးများတွင် Y-12 လေယာဉ်များအသုံးပြု၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် လေကြောင်းတိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ Enemy Air Route က စစ်အုပ်စုသည် မြန်မာနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများစွာ ဆောင်ရွက်ရာတွင် Y-12 လေယာဉ်များအပါအဝင် လေယာဉ်အမျိုးအစားကွဲများစွာကို အသုံးပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယခင်က သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရာမှ ယခုအခါ ဖျက်အားပြင်း ဗုံးများကို ဝေဟင်မှပစ်ချတိုက်ခိုက်ရာတွင် Y-12 လေယာဉ်များကို ပြောင်းလဲအသုံးပြုလာလည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။

အဆိုပါလေယာဥ်နှင့်လက်နက်ခဲယမ်းများကို စစ်အုပ်စုထံ ရောင်းချထောက်ပံ့နေသော တရုတ်ကုမ္ပဏီ AVIC နှင့် CATIC တို့ကို မြန်မာစစ်အုပ်စုထံ ရောင်းချထောက်ပံ့မှုကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြသည့် ၂၀၁၉ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရတွေအနေဖြင့် Airbus ကုမ္ပဏီ၏ မိတ်ဖက် (သို့) ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများသည် စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေပါက အရေးယူဆောင်ရွက်ရန် တာဝန်ဝတ္တရား ရှိနေသည်ဟု JFM ကဝေဖန်ပြောဆိုသည်။

အထူးသဖြင့် တရုတ် AVIC မှ လေယာဥ်နှင့် ဆက်စပ်ပစ္စည်းများ မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးပို့မှုများ ဆက်လက်ရှိနေပါက၊ Airbus ကုမ္ပဏီ၏ AviChina(AVIC) မှ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုတ်သိမ်းရန် ဆောင်ရွက်စေရေး ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရတွေအနေဖြင့် ၄င်းတို့၏ ဩဇာအရှိန်အဝါကို အသုံးချလုပ်ဆောင်ရမည်ဟု Justice for Myanmar ကထောက်ပြပြောဆိုခဲ့သည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article