32 C
Yangon

ဥရောပလေယာဥ်ကုမ္ပဏီကြီး Airbus၊ တရုတ်လက်နက်ကုမ္ပဏီ AVIC နှင့် မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများ

Must read

ဥရောပလေယာဥ်ကုမ္ပဏီကြီး Airbus၊ တရုတ်လက်နက်ကုမ္ပဏီ AVIC နှင့် မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများ

ရန်ကုန်၊ စက်တင်ဘာ ၂၉

ဥရောပအကြီးဆုံးလေယာဥ်ကုမ္ပဏီကြီး Airbus ၏ မဟာဗျူဟာ မိတ်ဖက်ဖြစ်သော တရုတ်လက်နက်ကုမ္ပဏီ Aviation Industry Corporation of China’s (AVIC) သည် မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် စစ်လက်နက်များ တစိုက်မတ်မတ် ရောင်းချနေကြောင်း Justice For Myanmar နှင့် Info Birmanie အဖွဲ့တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။ ထိုသို့ရောင်းချမှုများတွင် စစ်တပ်က အဓိကသုံးစွဲနေသည့် Y-12 လေယာဥ်များအပါအဝင် စစ်လေယာဥ်များနှင့်ဒုံးကျည်အမျိုးမျိုးကို ပါဝင်နေကြောင်းကို အထောက်အထားများနှင့်တကွ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုသတင်းဖော်ပြချက်သည် ဥရောပလေယာဥ်ကုမ္ပဏီကြီး Airbus အနေဖြင့် ၄င်း၏ အဓိကစီးပွားဖက်ဖြစ်သော တရုတ်လက်နက်ကုမ္ပဏီ AVIC မှတဆင့် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော စစ်ရာဇ၀တ်မှုများနှင့် ပါဝင်ပတ်သက် ဆက်စပ်နေကြောင်းကို ယမန်နေ့ကဖော်ပြခဲ့သောသတင်း၏ နောက်ဆက်တွဲအဖြစ် ဆက်လက်ဖော်ပြခြင်းဖြစ်သည်။

K-8

=======

မြန်မာ့လေတပ်သည် တရုတ်ထံမှ Y-12 အပြင် အခြားလေယာဥ်နှင့် ဆက်စပ်လက်နက်ခဲယမ်းများစွာကို ဝယ်ယူခဲ့သည်။ အဆိုပါဝယ်ယူမှုများအတွင်း တရုတ် Jiangxi Hongdu Aviation Industry Group နှင့် Pakistan Aeronautical Complex တို့ ပူးပေါင်းထုတ်လုပ်သည့် ထိုင်ခုံနှစ်လုံးပါ K-8 လေ့ကျင့်ရေးနှင့် အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များလည်း ပါဝင်ပြီး၊ ၄င်းတို့ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် တပ်တော်ဝင်စေခဲ့သည်။

ဥရောပလေယာဥ်ကုမ္ပဏီကြီး Airbus က ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ကုမ္ပဏီ AviChina သည် k-8 လေယာဥ်ထုတ်လုပ်သူ Jiangxi Hongdu Aviation Industry Group ၏ အစုရှယ်ယာ ၄၃.၇၇ ရာခိုင်နှုန်း အထိကို ပိုင်ဆိုင်ထားပြီး၊ အဆိုပါ K-8 လေယာဉ်များကို CATIC ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် စစ်အုပ်စုက မြန်မာနိုင်ငံတွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် K-8 လေယာဉ်များကို ကရင်နီပြည်နယ်အတွင်း ၅၇ မမ လောင်ချာများဖြင့် ပစ်ခတ်နေသည့် ရုပ်သံမှတ်တမ်း ရရှိခဲ့ပြီး၊ ယင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ အများအပြားသေဆုံးခဲ့ရသည်။

ထို့အတူ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်း နမ့်နိန်ရွာရှိ အရပ်သားပြည်သူ အဆောက်အဦများကို တိုက်ခိုက်မှုတွင်လည်း K-8 လေယာဉ်များကို တွေ့ရှိခဲ့သည်။

JF-17 Thunder

==============

မြန်မာစစ်အုပ်စုသည် JF-17 Thunder လေယာဉ်များကို ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံမှ မှာယူခဲ့သည်။ ယင်းမှာယူမှုသည် CATIC နှင့် သဘောတူညီချက်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ CATIC သည် တရုတ်နိုင်ငံမှ မြန်မာစစ်တပ်သို့ လေယာဥ်၊ လက်နက်လွှဲပြောင်းမှုများတွင် အဓိကပါဝင်နေသည့် နောက်ထပ်တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၄င်းကို AVIC က ပံ့ပိုးထားသည်။

အဆိုပါ ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် JF-17 ကို Pakistan Aeronautical Complex Kamra နှင့် တရုတ်နိုင်ငံမှ Chengdu Aircraft Corporation of China တို့က ပူးတွဲတည်ဆောက်ခြင်းဖြစ်ပြီး၊ Chengdu Aircraft Corporation of China သည်လည်း Airbus ၏ မဟာဗျူဟာမိတ်ဖက် တရုတ် AVIC ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်နေပြန်သည်။

အကျင့်ပျက်ခြစားမှုများ၏အကျိုးဆက်အနေဖြင့် မြန်မာ့လေတပ်အသုံးပြုနေသည့် JF-17 လေယာဉ်အားလုံးသည် နည်းပညာဆိုင်ရာ ချို့ယွင်းချက်မှု၊ ပြုပြင်ထိန်းသိမ်းမွမ်းမံရေး ကျွမ်းကျင်သူရှားပါးမှုကြောင့် ပျံသန်းနိုင်ခြင်း မရှိတော့ကြောင်း

၂၀၂၃ ခုနှစ် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး အချက်အလက်ဆန်းစစ်မှုအရ သိရသည်။

သို့သော် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ်၊ မေလ အစီရင်ခံစာအရ တရုတ်ကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ JF-17 Thunder လေယာဉ်အပိုပစ္စည်း အမျိုးအစားများစွာကို ပေးပို့ခဲ့သည်ဟု သိရသည်။

ထိုသို့ပေးပို့မှုက JF-17 လေယာဥ်ကိစ္စတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို ထပ်မံအတည်ပြုခြင်းဖြစ်သလို၊ အတည်မပြုနိုင်သည့် ရှေ့တန်းသတင်းများအရ ထိုသို့ပေးပို့ပြီးနောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအစဖြစ်သော ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့လေတပ်သည် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ကို JF-17 လေယာဉ်များ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Y-8

========

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့လေတပ်သည် Shaanxi Y-8F-200 ဘက်စုံသုံးလေယာဉ်တစ်စင်း (လေယာဉ်အမှတ် ၅၈၂၁) ကို တပ်တော်ဝင်စေခဲ့သည်။ ကုန်စည်နှင့် စစ်သည်သယ်ယူပို့ဆောင်ရေးအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားသည့် အဆိုပါလေယာဉ်သည် Airbus ၏ မဟာဗျူဟာ မိတ်ဖက် AVIC ၏ကုမ္ပဏီခွဲ Shaanxi Aircraft Corporation ကပင် တည်ဆောက်ရောင်းချခဲ့ခြင်း ဖြစ်သည်။

ထူးခြားမှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကမှ တပ်တော်ဝင်စေခဲ့သည့် Shaanxi Y-8 လေယာဉ်သည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်သားများအား ပြန်လည်ခေါ်ယူရန်သွားရောက်ခဲ့စဥ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်မြို့ရှိ လန်ပူဝီလေဆိပ်၌ လေယာဉ်အဆင်း မတော်တဆမှုဖြစ်ကာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့သည်။

J-7

======

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့လေတပ်သည် Jian-7 (J-7) တိုက်ခိုက်ရေးလေယာဉ်တစ်စင်း (လေယာဉ်အမှတ် ၁၆၆၅) ကိုလည်း တပ်တော်ဝင်ခဲ့သည်။ Airbus ၏ မဟာဗျူဟာ မိတ်ဖက် AVIC ၏ ကုမ္ပဏီခွဲ Chengdu Aircraft Corporation (JF-17 လေယာဉ်များကိုလည်း ပူးတွဲထုတ်လုပ်သည့်ကုမ္ပဏီ) ကပင် ထုတ်လုပ်ခဲ့ပြီး၊ အဆိုပါ J-7 လေယာဉ်သည် ဆိုဗီယက် MiG-21 လေယာဉ်ကို တရုတ်နိုင်ငံက လိုင်စင်ဖြင့် ထုတ်လုပ်သည့် ဗားရှင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ်၊ မေလထုတ်အစီရင်ခံစာအရ တရုတ်ကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခု နှစ်၊ ဒီဇင်ဘာလအတွင်း F-7IIK (Chengdu J-7) လေယာဉ်များအတွက် အပိုပစ္စည်းများစွာကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်။ ယင်းအချက်သည် အဆိုပါလေယာဥ်များအား လေကြောင်းတိုက်ခိုက်မှုများတွင် ဆက်လက်အသုံးပြုနိုင်ရန် အားပေးကူညီပေးနေသည့် တရုတ်ကုမ္ပဏီများ၏ အခန်းကဏ္ဍကို ထင်ရှားစေပါသည်။

Airbus က တရုတ် AVIC မှတဆင့် စစ်အုပ်စု၏ နိုင်ငံတကာ ရာဇဝတ်မှုများနှင့် ပတ်သက်နေ

============

လက်ရှိအချက်အလက်များအရ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည့် မြန်မာစစ်တပ်ကို တရုတ် AVIC နှင့် ယင်း၏ကုမ္ပဏီခွဲများက စစ်လေယာဉ်အမျိုးမျိုးနှင့် ဆက်စပ် စစ်လက်နက်များ ရောင်းချထောက်ပံ့ပေးနေသည်ကို AVIC ၏ မဟာဗျူဟာ မိတ်ဖက်ဖြစ်သော ဥရောပ၏ Airbus ကုမ္ပဏီကြီးက မသိကျိုးကျွံ မျက်ကွယ်ပြုနေသည် ဆိုသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။

Airbus ၏ မိတ်ဖက် AVIC နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က AVIC နှင့် CATIC တို့သည် မြန်မာစစ်အုပ်စုထံ စစ်လက်နက်များစွာကို ရောင်းချထောက်ပံ့နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြသည့် ၂၀၁၉ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံစာတမ်းတစ်ခုတွင် “၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ တရုတ်ထုတ်ပစ္စည်း ရောင်းချမှုများသည် တိုက်ခိုက်ရေးဂျက်လေယာဉ်များ၊ ဒုံးကျည်များနှင့် ဆက်စပ်လက်နက်ခဲယမ်းများ ဖြစ်ခဲ့သည်”

“မြန်မာစစ်အုပ်စုနှင့် တရုတ်နိုင်ငံပိုင်စီးပွားရေး လုပ်ငန်း Aviation Industry Corporation of China (AVIC)၊ ပါကစ္စတန်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း Pakistan Aeronautical Complex (PAC) တို့အကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀ တန်ဖိုးရှိ သဘောတူစာချုပ်အရ တရုတ်နိုင်ငံသည် မြန်မာစစ်အုပ်စုထံ JF-17M “Thunder” တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ရောင်းချထောက်ပံ့ခဲ့သည်” ဟု AVIC ကို တိုက်ရိုက်ကိုးကား ဖော်ပြခဲ့သည်။

မြန်မာစစ်အုပ်စုထံ လွှဲပြောင်းရောင်းချခဲ့သည့် AVIC လေယာဉ်များကို Stockholm International Peace Research Institute ၏ စစ်လက်နက်ရောင်းချမှုဒေတာဘေစ့်တွင်လည်း ဖော်ပြထားသည်။ AVIC ကို Burma Campaign UK ၏ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ဆောင်သော “အမည်ပျက် ကုမ္ပဏီများစာရင်း” တွင် ဖော်ပြထားသည်။

စင်စစ် Airbus အနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်ဘက်ပစ္စည်းများရောင်းချနေသည့် ၄င်း၏ မဟာဗျူဟာ မိတ်ဖက် AVIC နှင့် ကုမ္ပဏီခွဲများ၏ အခန်းကဏ္ဍကို မျက်ကွယ်ပြု၍ မရနိုင်ပေ။ သို့သော် Airbus အနေဖြင့် AVIC အပါအဝင် ထိုသို့လူသိရှင်ကြား ဖော်ပြခံထားရသည့်ကုမ္ပဏီများကို မိတ်ဖက်အဖြစ်၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီအဖြစ် ဆက်လက်ထားရှိရန် ရွေးချယ်ခဲ့ခြင်းသည် ၄င်း၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ နှင့် နိုင်ငံတကာလူ့ အခွင့်အရေးတာဝန် ဝတ္တရားများ ပျက်ကွက်မှုကို မြင်သာစေခဲ့သည်။

ထို့အပြင် Airbus ၏ အဓိကရှယ်ယာရှင်များဖြစ်ကြသည့် စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရ တို့၏ အပြောနှင့်အလုပ် တစ်ခြားစီဖြစ်နေသော ကိုယ်ကျိုးစီးပွားရှေးရှု လုပ်ရပ်များကိုလည်း ထင်ထင်ရှားရှား မြင်တွေ့ရသည်။

Airbus ၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည့် ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးသည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ထုတ်ပြန်ချက်တစ်ရပ်တွင် မြန်မာစစ်အုပ်စု၏ “ပြည်သူများအပေါ် လုပ်ဆောင်နေသည့် အကြမ်းဖက်ဖြိုခွင်းမှုနှင့် ဆိုးရွားသောရာဇဝတ်မှုများကို ရှုတ်ချခဲ့ပြီး၊ ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ တရားဝင်မှုရှိသော သဘောဆန္ဒများကို ပံ့ပိုးကူညီရာတွင် မိမိတို့၏ ဥရောပနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ လုံ့လထုတ် ကြိုးပမ်းမှုများကို မနားမနေ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

၂၀၂၁ တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း စပိန်အစိုးရကလည်း “မြန်မာနိုင်ငံရှိ အရပ်သားပြည်သူမျာအပေါ် လုံခြုံရေးအဖွဲ့များ ကျူးလွန်သည့် အကြမ်းဖက်မှုများကို အပြင်းထန်ဆုံး” ရှုတ်ချခဲ့ပြီး၊ “မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ တပ်မတော်နေ့ အထိမ်းအမှတ်ကို ကျင်းပနေစဉ် ၎င်းတို့ကာကွယ်ရမည့် ပြည်သူလူထု၏ ရန်သူတော် ဖြစ်လာခဲ့သည်” ဟု ရေးသားဖော်ပြခဲ့သည်။ စပိန်အစိုးရသည် “ယင်းရာဇဝတ်မှုများအတွက် ကျူးလွန်သူများအား တရားဥပဒေရှေ့မှောက်တွင် အရေးယူနိုင်ရေးအတွက် မိမိတို့ တက်စွမ်းသမျှ လုပ်ဆောင်သွားမည်” ဟုလည်း ရေးသားဖော်ပြခဲ့သည်။

သို့သော် လက်တွေ့တွင် စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရများအနေဖြင့် AviChina တွင် Airbus ၏ ဆက်လက်ရင်းနှီးမြှုပ်နှံမှု၊ AVIC နှင့် ကုမ္ပဏီခွဲများတွင် ပါဝင်ပတ်သက်မှုများကို ခွင့်ပြုပေးထားပြီး၊ ၄င်းမှတဆင့် အကျိုးအမြတ်ရရှိနေမှုများက စိတ်ပျက်ဖယ်ရာဖြစ်သည်ဟု Info Birmanie နှင့် Justice For Myanmar တို့က ဆိုသည်။

Airbus နှင့် ဆန့်ကျင်ဖက်အနေဖြင့် နော်ဝေအစိုးရပင်စင်ရံပုံငွေအဖွဲ့၏ ကျင့်ဝတ်ကောင်စီ (ကောင်စီ) သည် “မြန်မာနိုင်ငံရှိ စစ်တပ်ထံ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များရောင်းချမှုကြောင့်” AviChina ကို ၄င်းတို့ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီစာရင်းမှ အလုံးစုံဖယ်ရှားရန် အကြံပြုခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် နော်ဝေအစိုးရပင်စင်ရံပုံငွေအဖွဲ့သည် AviChina တွင်ရှိသော ၄င်း၏ရင်းနှီးမြှပ်နှံမှုများအားလုံးကို ဖယ်ရှားခဲ့သည်။

ထိုသို့ဖယ်ရှားမှုတွင် “စစ်မက်ပြုခြင်းဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများအား ဆိုးရွားကျယ်ပြန့်စွာ ချိုးဖောက်သည့် နည်းလမ်းများဖြင့် လက်နက်များကို အသုံးပြုမည့် တိုင်းပြည်တစ်ခုသို့ ကုမ္ပဏီများအနေဖြင့် စစ်လက်နက်ရောင်းချခြင်းသည် လက်ခံနိုင်ဖွယ်မရှိသည့် အန္တရာယ်ဖြစ်သည့်အတွက်” ဟု ရှင်းလင်းစွာဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုများနှင့်ဆက်စပ်၍ AviChina ကို အခြားရင်းနှီးမြှုပ်နှံသူများကလည်း ထုတ်ပယ်ထားသည်။

သို့သော် Airbus သည် AviChina တွင် အကြီးဆုံးနိုင်ငံခြားရှယ်ယာရှင်အဖြစ် ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံရှိ စစ်ရာဇ၀တ်မှုများတွင် ၎င်း၏ ပါ၀င်ပတ်သက်မှုမှတဆင့် အမြတ်အစွန်းများရရှိနေဆဲ ဖြစ်သည်။

Airbus အနေဖြင့် မြန်မာစစ်အုပ်စုနှင့် AVIC ၏ စီးပွားရေးပတ်သက်မှုများကို ချက်ချင်းရပ်တန့်ရန် သို့မဟုတ်ပါက Airbus သည် AVIC မှ အလုံးစုံနုတ်ထွက်စေရန် ၎င်း၏ သြဇာအာဏာကို အသုံးပြုခြင်းဖြင့် နိုင်ငံတကာလူ့ အခွင့်အရေးတာဝန် ဝတ္တရားများနှင့်အညီ ဆောင်ရွက်သင့်သည် ဟု JFM အဖွဲ့က ထောက်ပြပြောဆိုထားသည်။

ထို့အပြင် ဥရောပကုမ္ပဏီကြီးဖြစ်သည့် Airbus အနေဖြင့် ၄င်း၏မဟာဗျူဟာမိတ်ဖက် AVIC နှင့် ၎င်း၏ ကုမ္ပဏီခွဲများက မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်၊ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းပေးပို့နေမှု၊ ပြုပြင်ထိန်းသိမ်းရေး၊ လေ့ကျင့်သင်ကြားရေးနှင့် နည်းပညာပံ့ပိုးမှု များအားလုံးကို ရပ်တန့်စေရေး ဖိအားပေးလုပ်ဆောင်ရန် JFM ကတောင်းဆိုထားသည်။

အကယ်၍ AVIC က မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းအားလုံးကို အဆုံးသတ်ရန် ငြင်းဆိုပါက Airbus အနေဖြင့် AviChina မှ ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်း၍ ဆက်ဆံရေးကို အဆုံးသတ်ရန်အတွက်လည်း ထပ်ဆင့်တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article