28.9 C
Yangon

စစ်ကောင်စီ၏ ထောက်ပို့တပ်ရင်း၊ တပ်ဖွဲ့များထံသို့ ကမ္ဘောဇ အောင်ကိုဝင်းပိုင် Brighter Energy က စက်သုံးဆီလီတာ ၉ သိန်း ထောက်ပံ့ပေးပို့မှု ပေါက်ကြားသဖြင့် ဖမ်းဆီးစစ်ဆေးမှုများ လုပ်နေ

Must read

စစ်ကောင်စီ၏ ထောက်ပို့တပ်ရင်း၊ တပ်ဖွဲ့များထံသို့ ကမ္ဘောဇ အောင်ကိုဝင်းပိုင် Brighter Energy က စက်သုံးဆီလီတာ ၉ သိန်း ထောက်ပံ့ပေးပို့မှု ပေါက်ကြားသဖြင့် ဖမ်းဆီးစစ်ဆေးမှုများ လုပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၇

အကြမ်းဖက် စစ်ကောင်စီ၏ ထောက်ပို့တပ်များထံသို့ ကမ္ဘောဇ အောင်ကိုဝင်းပိုင် Brighter Energy က စက်သုံးဆီလီတာ ၉ သိန်း ထောက်ပံ့ပေးပို့မှုသတင်း ပေါက်ကြားသဖြင့် ကုမ္ပဏီဘက်မှ ဝန်ထမ်းများ၊ စွမ်းအင်ဝန်ကြီးဌာနဘက်မှ ဝန်ထမ်းများကို စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်ခေတ်သစ်သတင်းဌာနက Brighter Energy Retail ကုမ္ပဏီက စစ်ကောင်စီ၏ ထောက်ပို့တပ်များအတွက် စက်သုံးဆီ လီတာ ၉ သိန်းနီးပါး တင်သွင်းပေးထားကြောင်း ရုံးစာနှင့်တကွ သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

“Brighter case က နေပြည်တော်မှာ စစ်ဆေးနေတယ်။ စွမ်းအင်ဘက်က လူတွေရော ကုမ္ပဏီဘက်က လူတွေရော စာပေါက်ကြားလို့ အစစ်ဆေးခံနေရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် Brighter Energy Retail ကုမ္ပဏီက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ထောက်ပို့တပ်များဖြစ်သော မော်လမြိုင် အခြေစိုက် အမှတ် ၅၂၅ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ အတွက် 92 ဓာတ်ဆီ ၁၀၅၄၇ လီတာ ကိုလည်းကောင်း၊ သထုံရှိ အမှတ် ၅၂၅ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ အတွက် 92 ဓာတ်ဆီ ၂၉၄၇၂ လီတာ ကိုလည်းကောင်း၊ ပြင်ဦးလွင်ရှိ အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ခွဲအတွက် 92 ဓာတ်ဆီ လီတာ ၁၈၁၀၉၀ ကိုလည်းကောင်း၊ နေ ပြည်တော်ရှိ အမှတ် ၉၃၅ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ခွဲအတွက် 92 ဓာတ်ဆီလီတာ ၂၁၇၄၇၂ ကိုလည်းကောင်း၊ မကွေးရှိ အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ခွဲအတွက် 92 ဓာတ်ဆီလီတာ ၅၈၂၃ ၊ 95 ဓာတ်ဆီ ၄၂၁၉ လီတာ၊ ဒီဇယ်လီတာ ၂၅၂၁၇ ကိုလည်းကောင်း၊ မင်္ဂလာဒုံရှိ အမှတ် ၃၂၃ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ခွဲ အတွက် ဓာတ်ဆီ 92 လီတာ ၇၉၉၇၃ ၊ ဓာတ်ဆီ 95 ၁၉၇၃၉ ကိုလည်းကောင်း၊ ဒီဇယ်ဆီ လီတာ ၂၀၆၇၄၇ ကိုလည်းကောင်း ၊ မန္တလေးရှိ အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ခွဲ အတွက် ဓာတ်ဆီ 92 လီတာ ၁၅၇၆၆ ၊ ဓာတ်ဆီ 95 လီတာ ၆၄၂၃ ၊ ဒီဇယ်ဆီ လီတာ ၇၄၅၀၉ ကိုလည်းကောင်း စုစုပေါင်း စက်သုံးဆီ လီတာ ၈၇၆၉၉၇ ကို တင်သွင်းပေးခဲ့ကြောင်း သိရှိရသည်။

ကမ္ဘောဇအုပ်စုမှ အောင်ကိုဝင်း (ခ) ဆရာကျောင်း ပိုင်ဆိုင်သော Brighter Energy Retail နှင့် Brighter Energy ကုမ္ပဏီများ သည် စစ်ကောင်စီလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များအတွက် စက်သုံးဆီ တင်သွင်းပေးခြင်းအပြင် လေယာဉ်ဆီတင်သွင်းမှု လုပ်ငန်းများတွင်လည်း ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ ကမ္ဘောဇအုပ်စုမှ အောင်ကိုဝင်းပိုင်ဆိုင်သော KBZ ဘဏ်က စစ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်းများစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ထင်သာမြင်သာအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့် လစာ ငွေပေးချေမှု တင်ဒါ လုပ်ပိုင်ခွင့်ရရှိထားကြောင်း သိရှိရသည်။

ယခုနှစ် စက်တင်ဘာလအတွင်း ရေဘေးအတွက် မင်းအောင်လှိုင်က အလှူငွေတောင်းခံရာတွင် အောင်ကိုဝင်းနှင့် ကမ္ဘောဇအုပ်စုက ငွေကျပ် ၁၀ ဘီလီယံထက်မနည်း စစ်ကောင်စီကို ပံ့ပိုးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကမ္ဘောဇ အောင်ကိုဝင်း မိသားစု။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article