33 C
Yangon

အမ်းမြို့နယ်သို့ စစ်ကူလာချသော Mi -17 သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ်ကို AA က ပစ်ခတ်ခဲ့မှု ထိမှန်သွားခဲ့ဟုဆို

Must read

အမ်းမြို့နယ်သို့ စစ်ကူလာချသော Mi -17 သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ်ကို AA က ပစ်ခတ်ခဲ့မှု ထိမှန်သွားခဲ့ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ စစ်ကူလာချသော စစ်ကောင်စီ၏ Mi -17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁ စီးကို AA က ပစ်ခတ်ခဲ့ကြောင်း ရခိုင်ဒေသမှ သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျစေရေးအတွက် လေကြောင်းဖြင့် အဓိက စစ်ကူအင်အားများ အဆက် မပြတ်ဖြည့်တင်းလျက်ရှိကြောင်း၊ ထိုသို့ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်း စစ်ကူ၊ လက်နက်ခဲယမ်းနှင့်စားနပ်ရိက္ခာများ လာရောက်ပေးပို့သည့် စစ်ကောင်စီ၏ လေယာဉ်နှင့် ရဟတ်ယာဉ်များအနက်မှ သယ်ယူပို့ဆောင်ရေး Mi-17 စစ်ရဟတ်ယာဉ်ကို ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုမှာ ထိမှန်သွားခဲ့သော်လည်း ပျက်ကျခြင်းရှိ၊ မရှိကိုမူ သေချာစွာ မသိရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

“စစ်ရဟတ်ယာဉ်ကို ပစ်ခတ်လို့ ချက်ကောင်း ထိသွားတယ်ဆိုတာတော့ သေချာတယ်။ ပျက်ကျလား မပျက်ကျလားတော့ မသိရသေးဘူး” ဟု အဆိုပါ ရခိုင်ဒေသသတင်းရင်းမြစ်က ဆိုသည်။

အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ယမန် နေ့ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်း ရိက္ခာနှင့် စစ်ကူအင်အားအချို့လာပို့သော စစ်ရဟတ်ယာဉ်တစ်စီးကို AA က ပစ်ချနိုင်ခဲ့သည်ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

“AA ဘက်တော့ တရားဝင်မထုတ်ပြန်သေးဘူးပေါ့နော်။ စစ်ကောင်စီဖက်ကတော့ စစ်အင်အား၊ ရိက္ခာတွေ ဒီနေ့လည်း လေယာဉ်တွေနဲ့ လာချတာရှိပါတယ်။ မနေ့ကဆို Y12 နှစ်စီးရယ်၊ ရဟတ် ယာဉ် ၄ စီးရယ် ပစ္စည်းလာချတယ်။ နောက်ပြီး ဂျက်ဖိုက်တာ ၃ စီးလောက်နဲ့လည်း AA ရှိရာနေရာတွေကို ပစ်ခတ်နေတယ်။ AA ကလည်း စစ်ကောင်စီလေယာဉ်တွေကို ပြန်ပစ်ခတ်တာရှိပါတယ်။ သတင်းအရကတော့ မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ AA က ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကြောင့် စစ်ရဟတ်ယာဉ်တစ်စီး ထိသွားတယ်။ မီးခိုးတွေထွက်ပြီး မကွေးဘက်သို့ ပျံသန်းသွားတယ်။ ပျံအားက ဒရုန်းပျံအားလောက်တောင် မရှိဘူးလို့ မြင်ရတယ်လို့ ပြောတယ်။ အလုံးစုံပျက်လား၊ ဘယ်နားကျသွားလဲတော့ အတိအကျ မသိရသေးဘူး” ဟု ပြောသည်။

လက်ရှိတွင် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် ဗျူဟာကုန်းအများစုကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ခမရ ၃၇၁ တပ်ရင်း၊ တပ်ထိန်းတပ်ရင်းနှင့် တိုင်းဌာနချုပ်တို့သာ မသိမ်းရသေးဘဲကျန်ကြောင်း သိရသည်။

သို့သော်လည်း အာရက္ခတပ်တော် AA သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခြံဝန်းထဲကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို ဆက်တိုက်ပြုလုပ်နေသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေက AA ပစ်ခတ်သော ရှော့တိုက်ဒုံး တိုင်းရုံးချုပ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့၍ အဆောက်အဦးအချို့ မီးလောင်ပျက်စီးသွားသည်ဟု AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားကြသည်။

အကြမ်းဖက် စစ်ဒုခေါင်းဆောင် စိုးဝင်းက အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀ ဆုတ်ခွာခြင်းမပြုရန်နှင့် လုံး၀ လက်လွှတ်မခံရန် ယခု နိုဝင်ဘာလဆန်းပိုင်းတွင် အမိန့်ပေးညွှန်ကြားထားကြောင်း သိရှိရသည်။

(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article