31 C
Yangon

မာဝီ (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF -အတွင်းရေးမှူး -၂ ) နှင့်တွေ့ဆုံမေးမြန်းခြင်း

Must read

By ရန်ကုန်ခေတ်သစ်

“စစ်ကောင်စီဘက်က သူ့အောက်ခြေရဲဘော်တွေကို သေရင် သေပါစေ၊ မင်းတို့ တက်ဆိုပြီးတော့ တက်ခိုင်းတာပဲ။ တိုက်ပွဲတိုင်းမှာ သူတို့ဘက်က အထိနာတာ အများကြီး ၁၀ ဆ၊ အဆ ၂၀ သူတို့ဘက်က အထိနာတာပဲ။ ပြည်သူတွေကို စစ် တပ်က ရက်ရက်စက်စက်သတ်ဖြတ်ထားတဲ့ အပေါ် ဘာမှ ခွင့်လွှတ်ပေးစရာ မရှိဘူး”

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းလိုက်တဲ့ အချိန်မှစပြီး စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတာတွေနဲ့ လက်နက် ကိုင်တော်လှန်တာတွေဟာ အခုချိန်ထိအားကောင်းနေဆဲဖြစ်ပါတယ်။လက်နက်ကိုင်တော်လှန်နေတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေဟာ အခုချိန်မှာတော့ ပြည်နယ်အတွင်းနေရာအများစုကို စိုးမိုးထားနိုင်ပြီး စစ်ကောင်စီ တပ်တွေကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီလိုအထိနာလာတဲ့ စစ်ကောင်စီတပ်တွေဟာ နောက်ပိုင်းမှာတော့ မိုင်းအမျိုးမျိုးကို ခပ်စိတ်စိတ် အသုံးပြုလာကြပါတယ်။ သူတို့စခန်းချရာနေရာပတ်ပတ်လည်မှာ မိုင်းတွေ အများအပြားထောင်ထားသလို အများပြည်သူသွားလာတဲ့နေရာတွေမှာလည်း မိုင်းတွေကို ထောင်ထားလေ့ရှိ ပါတယ်။ဒီလိုမိုင်းထောင်ထားတာကို သက်စွန့်ဆံဖျားရှင်းလင်းပေးနေသည့် ကရင်နီအမျိုးသားများကာကွယ်ရေး တပ် အတွင်းရေးမှူး ၂ မာဝီ ကိုမိုင်းရှင်းလင်းရတဲ့အကြောင်းတွေနဲ့ မိုင်းရှင်းလင်းတဲ့ အတွေ့အကြုံ တွေကို တွေ့ဆုံမေးမြန်းထားပါတယ်။မေး။ ။ ပထမဆုံး မာဝီ အနေနဲ့ KNDF မှာ ဘာတာဝန်ယူထားလဲ ပြောပြပေးပါ။ဖြေ။ ။ ကျနော်ကတော့ မာဝီ ပေါ့။ KNDF အတွင်းရေးမှူး ၂ ပါ၊ တပ်ရင်းတပ်ဖွဲ့အနေနဲ့တော့ မရှိဘူး၊ သို့သော် စစ်ရေး စစ်ဆင်ရေး ကိစ္စအားလုံး ကိုင်တွယ်နေတဲ့ အနေအထားမှာ ရှိပါတယ်။ တပ်တွေအားလုံးကတော့ ကျနော်တို့ အတွင်းရေးမှူး ၁၊ ၂၊ ၃ အောက်ကနေ သွားမယ့်အနေအထားမှာရှိတယ်။ ကျနော်က ဗဟိုကော်မတီဝင်လည်း ဖြစ်ပါတယ်။

မေး။ ။ အခုနောက်ပိုင်း ကရင်နီပြည်နယ်မှာ ကရင်နီရဲဘော်တွေ မိုင်းထိပြီး ကျဆုံးတာတွေဒဏ်ရာရတာတွေက စိပ်လာတယ်ဗျ၊ မိုင်းပြဿနာက ကရင်နီပြည်နယ်မှာ တော်လှန်ရေး ရဲဘော်တွေအတွက် ဘယ်လိုခြိမ်းခြောက်မှုမျိုး ရှိနေလဲဗျ။

ဖြေ။ ။ မိုင်း ဆိုတာက လက်နက်ခဲယမ်းထဲမှာ တမျိုးအပါအဝင်ပေါ့နော်၊ ဆိုတော့ မိုင်းကို အသုံးပြုပြီးတော့ ရန်သူတွေကို တိုက်ခိုက်တဲ့အထဲမှာ ထည့်ဝင်အသုံးပြုတဲ့ ပစ္စည်းတမျိုးလည်း ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကလည်း မိုင်းကို သုံးတာ ရှိတယ်။ စစ်ကောင်စီဘက်ကလည်း သုံးတာ ရှိတယ်။ သို့သော် ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ရပ်ရွာ၊ မြို့နယ်ထဲမှတော့ ကျနော်တို့ လူထုကို ဒုက္ခရောက်မယ့် မိုင်းမျိုးတော့ ဘယ်ထောင်မလဲ၊ စစ်ကောင်စီကို ထိခိုက်နိုင်မယ့် နေရာမျိုးမှာပဲ ကျနော်တို့ ထောင်မှာဖြစ်တယ်။ စစ်ကောင်စီဘက်က အခုနောက်ပိုင်းမှာ ဘယ်လိုသုံးလာလဲဆိုတော့ သူတို့ရောက်တဲ့နေရာတိုင်းကို မိုင်းနဲ့ cover လုပ်ပစ်လိုက်တယ်။ ဥပမာ သူတို့က ရွာတရွာမှာ တပ်စွဲတယ်ဆိုရင် သူတို့ နေနိုင်တဲ့နေရာအထိကို ယူလိုက်တယ်၊ သူတို့မနေနိုင်မယ့်နေရာ သူတို့ ကင်းမချနိုင်မယ့် နေရမျိုးမှာ ပတ်ပတ်လည်ကို မိုင်းခင်းပစ်လိုက်တယ်ပေါ့နော်။ ကျနော်တို့က သူတို့ကို ဝင်ပြီး တိုက်ခိုက်လို့ မရအောင် လောလောဆယ်မှာ ဒီလိုမျိုး ခပ်စိပ်စိပ်လေး လုပ်လာတယ်။ ဟိုအရင်နှစ် ကျနော်တို့ တော်လှန်ရေးစတဲ့အချိန်မှာတော့ သူတို့က မြေမြှုပ်မိုင်းတွေ တိုက်မိုင်းတွေကို သိပ်ပြီး သုံးစွဲလေ့မရှိဘူးပေါ့။ တွေ့ရလည်း ခဲပါတယ်၊ တွေ့ရင် ၁ လုံး ၂ လုံးပေါ့။ ဒီနောက်ပိုင်းမှာ သူတို့က မိုင်းကို တွင်တွင်သုံးလာပြီးတော့မှ နေရာတကာ မိုင်းပတ်ထောင်တာမျိုး ဖြစ်တယ်။ အိမ်တွေကြားမှာ ရပ်ရွာထဲမှာ လမ်းတွေထဲမှာ ပြီးလို့ရှိရင် အများပြည်သူ သွားလာလေ့ရှိတဲ့ နေရာမျိုးတွေမှာပေါ့၊ ဒီလိုနေရာမျိုးတွေမှာ စစ်ကောင်စီဘက်က ထောင်လာတာရှိတယ်။ အဲဒီတော့ ကျနော်တို့အတွက်က သူတို့ဆီကို ရောက်ဖို့ ဒီမိုင်းကို ဖြတ်ကျော်ပြီးမှ ရောက်ရတဲ့အတွက်ကြောင့် ကျနော်တို့ဘက်မှာ ထိခိုက်မှု အချို့ရှိတယ်၊ လူမှုကွန်ရက်မှာ တွေ့နေ မြင်နေမှာပဲ။ ကျနော်တို့ ရဲဘော်အချို့ မိုင်းနင်းမိတာမျိုးတွေ မိုင်းနဲ့ ဒဏ်ရာရတာမျိုးတွေရှိတယ်။ ကျနော်တို့က ရဲဘော်ပဲ၊ ရဲဘော်ဆိုတော့ ဒီလိုကိစ္စတွေဖြစ်လာနိုင်တယ်ဆိုတာကို စဉ်းစားထားပြီးသားပဲ၊ သို့သော် ကျနော်တို့ စိုးရိမ်တာက ပြည်သူလူထုတွေ။ ကျနော်တို့ လက်လှမ်းမမှီလိုက်တဲ့အချိန်မှာ ပြည်သူလူထုက စစ်တပ်ဝင်ထားတဲ့ ရွာထဲကို မသိဘဲ ဝင်သွားပြီး မိုင်းနင်းမိတော့ ထိခိုက်ဒဏ်ရာရတာကတော့ အကြီးမားဆုံး စိန်ခေါ်ချက်ပဲ။ ရဲဘော်ကတော့ ရဲဘော်အလျောက် ထိလည်း ကိစ္စမရှိဘူး၊ ကျနော်တို့က ရဲဘော်လည်း တွေးလို့ရသော်ငြားလည်း မဆီမဆိုင်တဲ့ ပြည်သူလူထုတွေ ကလေးသူငယ်တွေ လူကြီးမိဘတွေ ထိမှာကတော့ ကျနော်တို့ စိုးရိမ်တယ်၊ ဒါက ကရင်နီပြည်မှာ အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်လာနိုင်တယ်။

မေး။ ။ မိုးဗြဲ၊ ဝါရီဆူးပလိုင် တိုက်ပွဲကစလို့ နန်းမယ်ခုံ ဘက်ကနေ အခုဆိုရင် စစ်ကောင်စီက ဒီးမော့ဆို ဘက်က ကျေးရွာတွေမှာ နယ်မြေစိုးမိုးထားလာနိုင်တာတွေ ရှိတယ်ပေါ့။ ၉ ရက်နေ့ကဆို ဒီးမော့ဆိုမြို့နယ်ထဲမှာပဲ မိုင်းနင်းမိပြီးတော့ KNDF ရဲဘော် ၁ ဦးကျတယ်၊ ၃ ဦးလောက် ဒဏ်ရာရတယ်။ အဲလိုဆိုတော့ KNDF ဘက်ကလည်း ဒီလို နင်းမိုင်းတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြင်ဆင်ထားတာတွေ ရှိလဲဗျ။

ဖြေ။ ။ ဒီအပိုင်းမှာဆိုရင်တော့ ကျနော်တို့ဘက်က မိုင်းရှာ ကိရိယာတွေ လိုတာပေါ့။ မိုင်းနဲ့ ပတ်သက်တဲ့ အသိ ပညာတွေ မိုင်းနဲ့ ပတ်သက်ရင် တွေ့ရင် ဘယ်လိုမျိုးလုပ်မလဲ၊ မိုင်းထောင်ထားတယ်လို့ သံသယရှိတဲ့ နယ်မြေတွေဆိုရင် ကျနော်တို့ ဘယ်လို ဖြတ်သန်းသွားလာမလဲ။ ကျနော်တို့ ရဲဘော်တွေကတော့ ဒီလို မိုင်းခင်းထားတယ်၊ မိုင်းရှိတယ်လို့ သံသယရှိတဲ့နေရာတွေကို ဖြတ်သွားရတဲ့အချိန်မှာ ဘယ်လိုမျိုး မိုင်းမထိအောင် သွားမလဲဆိုတာတွေကတော့ ကျနော်တို့ အချင်းချင်းကြားထဲမှာ ပြောဆိုတာတွေ ရှိတယ်။ ဒီမိုင်းတွေတွေ့တဲ့အချိန်ကျရင် ဘယ်လိုဖြုတ်ကြမလဲ၊ ဘယ်လို အန္တရာယ်အကင်းဆုံးနဲ့ ကျနော်တို့လူတွေ အထိအခိုက်နည်းအောင် လုပ်ကြမလဲ ဆိုတာတွေကို ပြောဆိုကြတယ်၊ အသိပေးကြတာတွေရှိတယ်။ သို့သော်လည်း ကျနော်တို့မှာ နည်းပညာ၊ ကိရိယာ၊ ပစ္စည်းတွေ အားနည်းတော့ ကျနော်တို့က မျက်စိနဲ့ပဲ ရှာရတယ်လေနော်။ ဒီလိုမျိုးပစ္စည်းတွေသာ ကျနော်တို့မှာ ရှိမယ်ဆိုရင်တော့ မိုင်းအန္တရာယ်ကို ကျနော်တို့ ကျော်လွှားသွားလို့ ရတယ်။ ကျနော်တို့ကတော့ ရဲဘော်တွေကို တယောက်မှ အထိအခိုက်မခံနိုင်ဘူး၊ ဒါ ကျနော်တို့ရဲ့ မူလစိတ်ရင်းပဲ ဘယ်သူပဲဖြစ်ဖြစ် ရဲဘော်ပဲဖြစ်ဖြစ် ပြည်သူပဲဖြစ်ဖြစ်ပေါ့။ မိုင်းရှိနေရင်တော့ ကျနော်တို့ဘက်က စစ်ဆင်ရေးကိစ္စတွေ လှုပ်ရှားမှုကိစ္စတွေကို ချင့်ချိန်ပြီးတော့ လုပ်သွားတယ်လေနော် ဒီလောက်ပဲ ဖြေလို့ရတယ်။ အန္တရာယ်ရှိတာတော့ သိတယ်၊ အတတ်နိုင်ဆုံး စစ်ကြောင်းမှူးတွေက ကိုယ့်လူတွေမထိအောင် ရှောင်ကွင်းသွားတာမျိုးတွေ ရှာဖွေတာတွေ လုပ်နေတာ ရှိတယ်။ သို့သော် စစ်ကောင်စီတပ်နဲ့ အရမ်းကပ်နေတဲ့ နေရာမျိုးတွေ ဥပမာ စစ်တပ်က ဟိုဖက်မှာရှိနေတယ်၊ မိုင်းက ဒီဖက်မှာရှိနေတယ်ဆိုရင်တော့ ကျနော်တို့အတွက် အခက်အခဲတော့ ရှိတာပေါ့။ မိုင်းတွေ ဖြုတ်ဖို့တို့ ရှောင်ကွင်းသွားဖို့တို့ကတော့ အခက်အခဲက ရှိတာပေါ့လေ။

မေး။ ။ လူမှုကွန်ရက်မှာလည်း မာဝီ ရှေ့တန်း စစ်မြေပြင်မှာ မိုင်းရှင်းနေတာတွေ၊ နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့အခါမှာ မိုင်းဖြုတ်နေတဲ့ ဗီဒီယိုတွေ တွေ့ရတယ်၊ ဆိုတော့ မာဝီက ဒီမိုင်းရှင်း မိုင်းဖြုတ်တဲ့ ကိစ္စကို ဘာကြောင့် ရွေးချယ်ပြီး လုပ်နေတာလဲ။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် မိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုဖြုတ်ရမလဲ ဘာလုပ်ရမလဲ ဆိုတဲ့ သင်တန်းတွေ ဘာတွေ တက်ထားတာမျိုး မရှိဘူးဗျ တကယ်တမ်းပြောရရင်ပေါ့။ အဲဒီမှာ မိုင်းရှိတယ်ပေါ့၊ ဘယ်သူဖြုတ်မလဲဆိုရင် ဘယ်သူမှ မဖြုတ်ရဲဘူးဆိုတော့ အေး အဲဒါဆို ငါဖြုတ်မယ်ကွာဆိုပြီး စဖြုတ်ခဲ့တာပေါ့။ ဒါပေမယ့် ဒီမိုင်းက ဘာမိုင်းလဲ ဘယ်လိုဖြုတ်ရမလဲ ဆိုတာက ကျနော်တို့ ရှေ့မှာရှိတဲ့ တော်လှန်ရေး စီနီယာ ဆရာကြီးတွေ ရှိတယ်၊ သူတို့ဆီကနေ စကားအရ မေးမြန်းထားတာတွေတော့ ရှိတာပေါ့။ အဲလိုဆိုတော့ ဒီမိုင်းကို ငါသိတယ်၊ ဒီလိုဖြုတ်ရတာ သိတယ် ဆိုတဲ့ဟာမျိုးနဲ့ ဖြုတ်လိုက်တာပဲရှိတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး အထူးပြု သင်ယူတတ်မြောက်ထားတာမျိုးတော့ မရှိဘူး။ သို့သော်လည်း ဒါက ကျနော်တို့ ဖြတ်ကျော်ရမှာပဲ၊ ဒီဟာကို မဖြုတ်ဘဲနဲ့ နောက်မှာရှိတဲ့ ကျနော်တို့ တပ်ဖွဲ့တွေ ရှေ့ကို တိုးလို့မရဘူး၊ ဒီမိုင်းတွေကို မဖြုတ်ဘဲနဲ့ ဒီရွာထဲကို ကျနော်တို့ ပြည်သူလူထုတွေ ဝင်လာလို့ မရဘူး၊ ဝင်လာရင် အန္တရာယ်ဖြစ်မယ်။ ကျနော်တို့ရဲ့ မူအရက ကျနော်တို့ဟာ ပြည်သူလူထုကို ကာကွယ်ပေးရမယ်၊ ဆိုတော့ ပြည်သူလူထု အန္တရာယ်ဖြစ်မယ့် အရာအားလုံးကို ကျနော်တို့က ရှင်းလင်းပေးရမှာပဲ ကာကွယ်ပေးရမှာပဲပေါ့။ ဒီစိတ်နဲ့ပဲ ကျနော်တို့ လုပ်တာဖြစ်တယ်။ နောက်တခုက ဒီလိုမျိုးလုပ်တဲ့အခါမှာ ကျနော်အမြဲတမ်း ပြောပါတယ်၊ ကျနော်တို့ ဒါက တကိုယ်တော် show off (ဂုဏ်မောက်) ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ ကျနော်တို့ ဒီမိုင်းတလုံးကို ဖြုတ်ဖို့ဆိုရင် လူအချို့ ကုန်တယ်၊ ကင်းယူပေးရတယ်၊ ကြည့်ပေးရတဲ့ လုံခြုံရေးလိုက်ပေးရတဲ့ လူတွေ ကုန်တယ်။ ဒီဟာက အဖွဲ့အစည်းနဲ့ လုပ်ရတာမျိုးဖြစ်တယ်။ ဒါပေမယ့် မီဒီယာမှာတော့ ကျနော့် တယောက်တည်းကိုပဲ တွေ့ကောင်းတွေ့နိုင်တယ်၊ သို့သော် ကင်မရာမြင်ကွင်းမှာ မပါတဲ့ ကျနော်တို့ ရဲဘော်တွေ အများကြီး ရှိတယ်။ ဆိုတော့ ဒီဟာက ရဲဘော်အားလုံးက ဝိုင်းပြီး လုပ်ရတဲ့ အလုပ်မျိုး ဖြစ်တယ်ပေါ့နော်၊ တဦးတယောက်ကောင်း လုပ်ရတဲ့ ဟာမျိုး မဟုတ်ဘူး။ ဒီမိုင်းဟာ ငယ်တယ်ပဲ ဖြစ်ဖြစ် ကြီးတယ်ပဲဖြစ်ဖြစ် ဘေးကင်းရေးကို အလေးထားပြီး လုပ်ရမယ့် ကိစ္စဖြစ်တယ်။ မိုင်းသေးသေးလေး လက်သီးဆုပ်လောက် မို့လို့ ကောက်ကိုင်လိုက်တာ ကောက်ယူလိုက်တာက မဖြစ်သင့်တဲ့ ကိစ္စပဲ။ သို့သော်လည်း ကျနော်တို့ မြေပြင်မှာ လုပ်နေတဲ့ဟာတချို့ကို တွေ့နေရတာရှိတယ်၊ ကျနော့် ရဲဘော်တွေပဲပေါ့လေ ဗီဒီယိုတွေ့မှ ကျနော် အံ့ဩရတာပေါ့ ဟာ မင်းတို့ ဒါမျိုး မလုပ်ရဘူး။ တခုခုမှားသွားတာနဲ့ ဒါက အဲဒီနားမှာ ရှိတဲ့ အားလုံးအတွက် ထိခိုက်သွားနိုင်တာ ရှိတယ်၊ ဆိုတော့ ၁ လုံးပဲ တွေ့တွေ့ ၂ လုံးပဲ တွေ့တွေ့ သူ့ရဲ့ လုပ်ထုံးလုပ်စဉ်အတိုင်းပဲ လုံခြုံဘေးကင်းအောင် ဘေးပတ်ဝန်းကျင် သေချာကြည့်မယ်၊ သေချာမှောက်အိပ်ပြီး သေချာတူးဖော်တဲ့ ဟာမျိုး လုပ်ရမယ်။ အရင်တလောကဆို ထွန်ခြစ်နဲ့ဆွဲတဲ့ ဗီဒီယိုတွေ ဆိုရှယ် မီဒီယာမှာ ပြန့်တယ်၊ တကယ်တော့ အဲဒါက နည်းမှန်လမ်းမှန် မဟုတ်ဘူး။ ဒီခေတ်မှာ ကျနော်တို့က ဦးနှောက်နဲ့ပါ ယှဉ်တွဲလုပ်ရမှာဖြစ်တယ်ပေါ့လေ။ အဲဒီတော့ ကျနော်တို့ ရဲဘော်တွေကို ကျနော် အမြဲတမ်းပြောတယ်၊ ရဲဘော်တို့ ညီလေးတို့ ဒါကို ဒီလိုမလုပ်ရဘူး၊ ကိုယ့်တွက် အန္တရာယ်ဖြစ်သွားနိုင်တယ်။ မဖြစ်သေးလို့သာပေါ့နော် ဖြစ်သွားရင် ဘယ်သူမှ မတတ်နိုင်ဘူး၊ ကျနော်တို့ ခြေတွေ လက်တွေ အစိတ်အပိုင်းတွေဆိုတာက သံတိုသံစ ရောင်းတဲ့ ဆိုင်မျိုးမှာ သွားဝယ်လို့ မရဘူးပေါ့။ ဒါကို အလေးထားရမယ် ဆိုတာမျိုးတော့ ကျနော် အမြဲ ပြောဖြစ်ပါတယ်။

မေး။ ။ မတ်လ ၇ ရက်နေ့တုန်းက ဒီးမောဆိုမြို့နယ်ထဲက ဆောင်ဒူလာကျေးရွာမှာ စစ်ကောင်စီက ကျဲချလိုက်တဲ့ ဗုံး ၁ လုံးက လူတရပ်စာလောက်ရှိတယ်၊ မြေကြီး အနက်ထဲ ဖောက်ဝင်သွားတယ်ပေါ့နော်၊ အဲဒီဗုံးကို ပြန်ရှင်းလင်းဖြစ်တာလေး ပြောပြပါဦး။ အဲဒီဗုံးဆိုရင် သူ့ရဲ့ ပေါက်ကွဲမှု သက်ရောက်နိုင်တဲ့ ဧရိယာတွေရော ဘယ်လောက်ရှိလဲဗျ။

ဖြေ။ ။ သူ့ရဲ့ ပေါက်ကွဲမှု သက်ရောက်နိုင်တဲ့ ဧရိယာအကျယ်အဝန်းကတော့ ကျနော်တို့ မပြောနိုင်ဘူး၊ ဒါပေမယ့် ခန့်မှန်းကြည့်လို့ ရတာပေါ့နော်။ ရိုးရိုး RPG အသီးအရွယ် ၁ လုံးဆိုရင် ဘောလုံးကွင်း ၁ ကွင်းစာ အကျယ်လောက်ကို ထိရောက်နိုင်တာမျိုးရှိတယ်။ ကျနော်တို့ ဒီ ပေါင် ၅၀၀ ဗုံးကြီးတွေက ဘေးပတ်ဝန်းကျင် တော်တော်ကျယ်ကျယ်ကို ထိခိုက်ပါတယ်၊ သူ သက်ရောက်မှု ရှိတယ်ပေါ့။ အဲဒီတုန်းက ဗုံးက ၂ လုံး ကျဲတာ၊ ၁ လုံး ကွဲတယ် နောက် ၁ လုံးက မကွဲဘဲ ကျင်းအနက်ထဲကို ဝင်သွားတယ်ဆိုတာ ကျနော်တို့ သိရတယ်၊ ဓါတ်မီးနဲ့ ထိုးကြည့်တာ တွေ့ရတယ်၊ ဒါကို တူးဖော်ပြီးတော့ ကျနော်တို့ ဖြုတ်တယ်ပေါ့။ ဒီဟာက အသက်မဲ့တယ် မမဲ့ဘူးဆိုတာလည်း ကျနော်တို့ သေချာမသိရဘူး။ သို့သော် ဗုံးက ဒီမှာရှိနေရင် ရာသီဥတုအခြေအနေကြောင့် တခုခုကြောင့် တချိန် ထပေါက်ကွဲနိုင်တယ်၊ မြေကြီးအောက်မှာ ရောက်နေပေမယ့် အန္တရာယ်မရှိတော့ဘူးလို့ ပြောလို့မရဘူးပေါ့။ အဲဒါနဲ့ ကျနော်တို့ဆွဲ ဖြုတ်လိုက်တယ်၊ သက်သေ သက်ကာယလည်း ကျ‌နော်တို့ လိုချင်တာပေါ့။ တိုက်ပွဲရဲ့ ဓလေ့ထုံးတမ်းပဲပေါ့၊ တိုက်ပွဲမှာ ကိုယ့်ရဲ့ ရန်သူဘက်က ဘယ်လိုလက်နက်မျိုး သုံးလဲဆိုတာ ကျနော်တို့ သိချင်တယ်။ ဒါကြောင့်မို့ ကျနော်တို့ တူးဖော်ပြီးတော့ defuse (အသက်မဲ့အောင်) လုပ်လိုက်တယ်ပေါ့။ ပြောရရင် ဒါလည်း ပထမဆုံး အကြိမ်ပါပဲ၊ ကျနော်ရယ် ကရင်နီတပ်မတော်က ဗိုလ်ကြီး ၁ ယောက်ရယ် လုပ်တယ်ပေါ့နော်။ ဖြုတ်နေတဲ့အချိန်မှာလည်း အနီးနားမှာ ဘယ်သူမှ မရှိဘူး၊ မှတ်တမ်းယူတဲ့သူရယ် နောက် ၁ ယောက် ၂ ယောက်လောက်ပဲပေါ့နော်။

မေး။ ။ အခုဆိုရင် ကရင်နီမှာ စစ်ရှောင်ပြည်သူ ၂ သိန်းလောက် ရှိနေပြီပေါ့နော်၊ အခုလို တိုက်ပွဲဧရိယာတွေမှာ ဖြစ်လေ့ရှိတာက မပေါက်ကွဲသေးတဲ့ ဗုံးဆံတွေ မိုင်းတွေကို အနီးဝန်းကျင်က ကလေးငယ်တွေ ကစားမိပြီး ပေါက်ကွဲတာမျိုးတွေ ရှိတော့ KNDF အနေနဲ့ ပြည်သူတွေကို ဘယ်လိုပညာပေးတာမျိုး လုပ်ထားလဲ။

ဖြေ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးရင်တော့ ကျွန်တော်တို့ ဘက်ကတော့ အများကြီး မလုပ်နိုင်သေးပါဘူး။ တကယ်တန်းပြောရရင် ကျွန်တော်တို့က စစ်တိုက်နေတဲ့ အခြေအနေဖြစ်နေတော့ ရှေ့တန်းမှာပဲ အချိန်များများရှိတယ်။ စစ်ရှောင်တွေနဲ့ လိုက်တွေ့ရတဲ့ ကိစ္စတွေ အဲဒါတွေကို ကျွန်တော်တို့ အများကြီးတော့ မလုပ်ဖြစ်ဘူးပေါ့နော်။ သို့သော်လည်း ကျွန်တော်တို့ အားကိုးအားထား စစ်ရှောင်ကူညီရေးကွန်ရက်တွေ ဒါမျိုးတွေက အသိပညာ အမြင်ဖွင့်ပေးတာ၊ မိုင်းနဲ့ပတ်သက်တဲ့ မပေါက်ကွဲသေးတဲ့ ပစ္စည်းတွေ မကိုင်တွယ်ရ၊ မဆော့ရဆိုတာမျိုးကို ပြောပြနေတဲ့ တချို့သော အဖွဲ့အစည်းတွေ ရှိတာ ဒါကတော့ ကျွန်တော်တို့ သိတယ်။ ကြားသိနေရတာ ရှိတယ်။ကျွန်တော်တို့ကိုယ်တိုင်က ဒါကြီးကို အလုပ်တစ်ခုလို လိုက်ပြီးတော့ ပြရတဲ့ ဟာမျိုး လိုက်အမြင်ဖွင့်ပေးတာမျိုး ၊ လိုက်ပြီးတော့ အသိပညာပေးတာမျိုးကတော့ အခုချိန်ထိကတော့ တစိုက်မတ်မတ်မလုပ်ဖြစ်သေးဘူး။ နီးစပ်ရာ နီးစပ်ရာ လုပ်တာမျိုးပဲ ရှိပါတယ်ဗျ

မေး။ ။ အခုနောက်ပိုင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေက နေရာအနှံ့ကို ပြန့်လာတယ်၊ အရင်လိုမျိုး ထိပ်တိုက်တွေ့ကြတဲ့ တိုက်ပွဲကြီးပုံစံမျိုး မဟုတ်တော့ဘဲ ပြောက်ကျားပုံစံမျိုး ကြားဖြတ်တိုက်ခိုက်တဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်ပေါ့။ အဲဒီအပေါ်မှာလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ ဟုတ် ဒါတွေကတော့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုနဲ့ ကျွန်တော်တို့ဘက်မှာ ကျွန်တော်တို့ ဆွဲတဲ့ ဗျူဟာနဲ့ပဲ သက်ဆိုင်ပါတယ်။ စစ်ကောင်စီရဲ့ လှုပ်ရှားမှုပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က ဘယ်လိုဘယ်နည်း တိုက်ခိုက်မလဲ ၊ ပြီးလို့ရှိရင် သူတို့ လှုပ်ရှားမှု မရှိသော်လည်း ကျွန်တော်တို့ဘက်က ဘယ်လိုမျိုး တိုက်ခိုက်မှုတွေ စတင်လုပ်မလဲဆိုတာ ဒါ ကျွန်တော်တို့ရဲ့ ဗျူဟာ ကျွန်တော်တို့ရဲ့နည်းဗျူဟာတွေနဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စ။ နောက်ပိုင်း ထိတွေ့မှု အများကြီး။ ထိတွေ့တိုက်ပွဲတွေ သူဘက်က တိုးလာ ကိုယ့်ဘက်က တိုးလာ ထိတွေ့တိုက်ပွဲတွေ သိပ်မရှိဘူးဆိုတာတော့ ဟုတ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း သူ တိုးလာလည်း သူ သေနေတာပဲ။ ဆိုတော့ ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ လူ တစ်ယောက်ယောက် နှစ်ယောက်ယောက် ထိပြီဆိုရင်ကို ကျွန်တော်တို့က အထိမခံနိုင်ဘူးလေ။သူ့ဘက်ကတော့ သူ့ဟာသူ အယောက် ၂၀ ပဲ သေသေ၊ ၃၀ ပဲ သေသေ၊ ၂၀၀ ပဲ သေသေ၊ အသေခံပြီးတော့ တက်လာတာပဲ။ စစ်ကောင်စီဘက်က သူ့အောက်ခြေရဲဘော်တွေကို သေရင် သေပါစေ၊ မင်းတို့ တက်ဆိုပြီးတော့ တက်ခိုင်းတာပဲ။ ကျွန်တော်တို့ တိုက်လာတဲ့ တစ်နှစ်တာ ကာလလောက်မှာ စစ်ကောင်စီဘက်က သူတို့ဘက်က တိုက်ပွဲ တစ်ပွဲ တစ်ပွဲတိုင်းမှာ သူတို့ဘက်က အထိနာတာ ကျွန်တော်တို့ဘက်ထက် အများကြီး ၁၀ ဆ၊ အဆ ၂၀ သူတို့ဘက်က အထိနာတာပဲ။ သို့သော်လည်း စေတနာပေါ့။ သူတို့ရဲ့ ဗိုလ်တွေ သူတို့ရဲ့ တပ်ဗိုလ်တပ်မှူးတွေ၊ သူတို့ရဲ့ အပေါ်မှာ အုပ်ချုပ်တဲ့ လူတွေက အုပ်ချုပ်တဲ့ လူ ဘာမှ မဖြစ်ရင် ရပြီ။ အောက်လက်ငယ်သားက သေရင် သေပါစေဆိုတဲ့ နည်းဗျူဟာမျိုးနဲ့ပဲ သူ့လူတွေကို လူသားဒိုင်းလိုပဲ တိုးလာခိုင်းတာပဲ။ အဲဒီတော့ သေကြတာပေါ့နော်။ နောက်ပိုင်းတော့ သိပ်ပြီးတော့ သူတို့ လိုချင်တဲ့ ဗျူဟာအရ သူတို့လိုချင်တဲ့ နေရာတွေ သူတို့ရတယ်လို့ သတ်မှတ်တဲ့ အချိန်မှာတော့ ဆက်မတိုးလာသေးတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့နော်။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်သွားမယ်။ သူ မတိုးလာလို့ ကိုယ် မတိုက်တာလည်း မဟုတ်ဘူး။ အဲတော့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ဘာခံယူထားသလဲဆိုတော့ သူများ ကိုယ့်ကို လာသတ်တာကို ကိုယ်ခံမလား၊ ကိုယ် အရင်သွားသတ်မလား ဒါမျိုးကတော့ ရှိတာပေါ့။ ဒါ တိုက်ပွဲရဲ့ နည်းနာပိုင်း ကျွန်တော်ပြောတာပေါ့။ကျွန်တော်တို့ဘက်တော့ အခုချိန်အထိ စစ်ကောင်စီနဲ့ ဘာမှ ဆွေးနွေးဖို့လည်း အခြေအနေမရှိဘူး။ ကျွန်တော်တို့ရဲ့ ပြည်သူလူထုတွေကို ရက်ရက်စက်စက်သတ်ဖြတ်ထားတဲ့ အပေါ်မှာလည်း ကျွန်တော်တို့ အနေနဲ့ ဘာမှ ခွင့်လွှတ်ပေးစရာ အကြောင်းလည်း မရှိဘူးပေါ့နော်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် ဒီမြေပြင်မှာ ပြောက်ကျားပဲ ဖြစ်ဖြစ်၊ ထိတွေ့တိုက်ပွဲပဲ ဖြစ်ဖြစ်၊ ထိုးစစ်ပဲ ဖြစ်ဖြစ်၊ ခံစစ်ပဲ ဖြစ်ဖြစ် အဆင်ပြေတဲ့ နည်းဗျူဟာနဲ့ ကျွန်တော်တို့ ဘက်က အထိနာတဲ့ ဟာမျိုး မဖြစ်အောင် ကျွန်တော်တို့ကတော့ လုပ်ဆောင်သွားမှာပဲ ဖြစ်တယ်။

မေး။ ။ ကရင်နီမှာ ဒီလို အားကောင်းတဲ့ KNDF အဖွဲ့ရှိသလို၊ ချင်းမှာဆိုလည်း CDF အဖွဲ့ရှိတယ်၊ နောက် အလယ်ပိုင်းမှာဆိုလည်း LDF တွေ ပြောက်ကျားအဖွဲ့တွေ ရှိတယ်။ အဲလို အဖွဲ့တွေကို မာဝီအနေနဲ့ ဘယ်လို သတင်းစကား ပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ တခြားညီနောင် အဖွဲ့တွေ တိုက်တဲ့ဟာကိုလည်း အသိအမှတ်ပြုပါတယ်။ ငါတို့ပဲ လုပ်နိုင်တယ်၊ ငါတို့ပဲ လုပ်မယ်ဆိုတဲ့ဟာမျိုးလည်း မရှိပါဘူး။ ဒါ ကျွန်တော်တို့ ပြည်နယ်တွင်းပေါ့။ ဥပမာ ကျွန်တော်တို့ ပြည်နယ်တွင်းမှာ ဆိုရင်ပေါ့။ သို့သော် ကျွန်တော်တို့က ပြတ်သားဖို့ လိုတယ်။ ကျွန်တော်တို့ တွေးထားတဲ့ စကား ပြည်သူလူထုကို ပြောထားတဲ့ စကားတွေကို ကျွန်တော်တို့က ကတိတည်ဖို့ လိုတယ်။ ဒါ အားလုံးပေါ့ တပ်ဖွဲ့ဝင်တွေ အားလုံး။ ပြီးရင် ကိုယ်သွားချင်တဲ့ ရည်မှန်းချက် ၊ ကိုယ်သွားချင်တဲ့ နိုင်ငံရေး မျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုတယ်။ ကိုယ့်အဖွဲ့ရဲ့ ပေါ်လစီတွေ၊ မူဝါဒတွေ စည်းကမ်းတွေကို ကျွန်တော်တို့ တိတိကျကျလေး ဖော်ဆောင်ထားဖို့ လိုတယ်။ ဘာဖြစ်လို့ဆို စစ်ရေးဖြစ်တယ်၊ သေစေနိုင်တဲ့ လက်နက်ကို ကိုင်ထားတဲ့ လူတွေ ဖြစ်တယ်။ ဘာမူ ဘာစည်းမှ မရှိလို့ ရှိရင် ကျွန်တော်တို့ စစ်တိုက်လို့ မရဘူး။ ကျွန်တော်တို့ နားလည်တဲ့ဟာပေါ့။ ကျွန်တော်တို့ တိုက်တယ်။ ကျွန်တော်တို့ KNDF မှာ စည်းတွေ ဘောင်တွေ ရှိတယ်။ ကျွန်တော်တို့ ဘာမလုပ်ရဘူး ဘာလုပ်ရမယ်ဆိုတဲ့ဟာတွေနဲ့ ကျွန်တော်တို့ သွားတာဖြစ်တယ်။ အဲဒီတော့ ညီနောင်အဖွဲ့တွေကိုလည်း ဒီလို ဖြစ်စေချင်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ Federal ကို နိုင်ငံရေး လမ်းပြအဖြစ်၊ နိုင်ငံရေးပန်းတိုင်အဖြစ် ကျွန်တော်တို့က သွားတာ ဖြစ်တဲ့အတွက်ကြောင်မို့လို့ Federal လို့‌ ပြောထားတဲ့ စကားရဲ့ အနှစ်သာရတွေ အားလုံးကို သိရှိလိုက်နာပြီးတော့ ဒီဟာနဲ့ ညီညွတ်တဲ့ ကိုက်ညီတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ လုပ်ရမှာ ဖြစ်တယ်။ အဲတော့ ပြည်နယ်မှာ ကျွန်တော်ကတော့ ကျွန်တော့် တစ်ကိုယ်ရည် သဘောထားကတော့ အဖွဲ့တွေများတာ မကောင်းဘူးလို့ ကျွန်တော် မြင်တယ်။ ကျွန်တော်တို့ လူဦးရေတွေများ၊ ခေါင်းဆောင်တွေများ၊ ဦးဆောင်နိုင်တဲ့ လူတွေများတာ ကောင်းတယ်။ ဒါပေမဲ့ သူ့တစ်ဖွဲ့ ကိုယ့်တစ်ဖွဲ့ သူတလူ ငါတစ်မင်းလုပ်နေတဲ့ ဟာမျိုးကတော့ အဆင်မပြေဘူးလို့ ကျွန်တော်မြင်တယ်။ NUG ဘက်မှာ ရှိနေတဲ့ လူကြီးတွေကိုလည်း ကျွန်တော်တို့က ဒါမျိုးတွေကိုပဲ အကြံပေးတယ် Recommend လုပ်တယ်ပေါ့နော်။ ကျွန်တော်တို့ ပြည်နယ်မှာ Chain of Command တစ်ခုအောက်မှာပဲ တပ်ဖွဲ့အားလုံးက သွားသင့်တယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ အင်အားကို စုစည်းပြီးတော့မှ စစ်ကောင်စီကို တိုက်ရုံတင်မဟုတ်သေးဘူး။ ကျွန်တော်တို့ စုစည်းမှုနဲ့ပဲ ခြိမ်းခြောက်မှုတစ်ခုပေးနိုင်မှာ ဖြစ်တယ်။ သို့သော်လည်း မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေကတော့ အားလုံး သိတဲ့အတိုင်းပဲ ။ တချို့လူတွေ ကိုယ့်ဟာကို သူဘာသူ ဆိုတဲ့ အခြေအနေလေးတွေ ရှိနေတယ်။ သို့သော် KNDF နဲ့ KA ကတော့ ဒါအပေါ်မှာ လက်မလျှော့ဘူး။ ကျွန်တော်တို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ စုစည်းနိုင်ဖို့ ကြိုးစားနေတယ်။ စုစည်းလို့ ရတဲ့ဟာတွေလည်း ရှိတယ်။ တချို့သော အခက်အခဲရှိတဲ့ဟာတွေလည်း ရှိတယ်။ ဒီတစ်ချိန်တည်းမှာပဲ ဒါကို အခွင့်ကောင်းယူပြီး စစ်ကောင်စီရဲ့ ဗျူဟာဟောင်းဖြစ်တဲ့ သွေးခွဲပြီးတော့ လုပ်မယ်ဆိုတဲ့ဟာလည်း ရှိနေတယ်။ လုပ်လည်း လုပ်နေတယ်။ ကျွန်တော်တို့က အဲဒီလောက်လည်း ဦးနှောက်မရှိတဲ့ လူလည်း မဟုတ်ဘူး။ ဒီဟာကို လုပ်လာမယ်လည်း ကျွန်တော်တို့ သိတယ်။ စစ်ကောင်စီရဲ့ သွေးခွဲမှုကိုလည်း ကျွန်တော်တို့သိနေတာပဲ။ ဒါကိုလည်း ကျွန်တော်တို့ အားလုံး ဖြတ်ကျော်နေတယ်။ ဘယ်အဖွဲ့မှ ဒါကို လက်ခံပြီးတော့မှ စစ်တပ်အလိုကျတော့ မဖြစ်နေဘူးပေါ့နော်။ ဒီလိုအခြေအနေရှိတယ်။ တခြားသော တခြားသော ပြည်နယ်တွေ တခြားသော တခြားသော နေရာတွေမှာ တိုက်ခိုက်နေတဲ့နေရာမှာ ရှိတဲ့ ချင်းလိုမျိုး၊ စစ်ကိုင်းလိုမျိုး၊ ကရင်လိုမျိုး တိုက်ခိုက်နေတဲ့ နေရာမှာ ရှိနေတဲ့ ညီနောင်အဖွဲ့တွေလည်း ကျွန်တော်တို့က အလေးပြုတယ်၊ လေးစားတယ်၊ ဒါလုပ်သင့်တဲ့ လုပ်ထိုက်တဲ့ အရာပဲ။ ကျွန်တော်တို့က ၂၁ ရာစု ဗိုလ်ချုပ်အောင်ဆန်း မလိုချင်ဘူး။ လူတိုင်းလုပ်နိုင်တယ်။ တစ်ဦးတစ်ယောက်ကောင်းမလိုချင်ဘူး။ ကျွန်တော်ပြောချင်တဲ့ အဓိပ္ပာယ်က။ ကိုယ့်ပြည်နယ်နဲ့ ကိုယ်၊ ကိုယ့်တိုင်းနဲ့ ကိုယ် စုစုဖွဲ့ဖွဲ့ မြိုင်မြိုင် ဆိုင်ဆိုင်နဲ့ လုပ်သွားမှသာလျှင် ဒါလည်း ဖက်ဒရယ်ရဲ့ အနှစ်သာရတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ကို တစ်ယောက်ယောက်က လာလုပ်ပေးမှတို့ ဘာတို့ ဆိုတဲ့ဟာမျိုးတော့ ကျွန်တော်တို့က စောင့်နေမှာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ လိုချင်တဲ့ အသီးအပွင့်ကို ကျွန်တော်တို့ ကိုယ်တိုင် စိုက်ပျိုး စားသောက်မှာ ဖြစ်တယ်။မေး။ ။ အခု ကရင်နီက တချို့ တိုက်ပွဲတွေမှာ သံချပ်ကာကားကို မြင်ပေမယ့် ကိုယ့်မှာ RPG လို လက်နက်မရှိလို့ မပစ်လိုက်ရတာမျိုးတို့၊ လက်နက်ကြီးမရှိလို့ အသာမရလိုက်တာမျိုးတို့ ရှိလား၊ ကရင်နီရဲဘော်တွေအတွက် လက်နက်ပိုင်းဆိုင်ရာမှာ လိုအပ်ချက်ရှိနေလား။ဖြေ။ ။ ကျွန်တော်တို့မှာက မြေပြင်တိုက်ပွဲကတော့ စစ်ကောင်စီကို အထိနာအောင် အမြဲတမ်းလုပ်နိုင်တယ်။ မြေပြင်မှာ ဒီကောင်တွေ ကျွန်တော်တို့ကို ယှဉ်လို့ မရဘူး။ ကျွန်တော်တို့ကို သူတို့ ပြောသလိုပဲ တစ်ပတ်လောက် သင်တန်းဆင်းတဲ့ကောင်တွေက ဒီမှာ ၁၀ နှစ် ၁၀ မိုးလုပ်လာတဲ့ ကောင်တွေလို့ ပြောရင် အဲဒီစကားက သူတို့ ၁၀ နှစ် ၁၀ မိုး ဟိုလူကို သတ်၊ ဒီလူကို သတ် ဒီလူ့ငွေလိမ်စား ဟိုလူ့ငွေ လိမ်စား Corruption နဲ့ပဲ အချိန်ဖြုန်းနေတာဖြစ်မှာပေါ့။ ကျွန်တော်တို့ တစ်ပတ်လောက် သင်တန်းဆင်းတဲ့ လူတွေ သူတို့ကို တိုက်ပွဲမှာ သူတို့ကို တိုက်ခိုက်နိုင်တာ သူတို့ အသိအမှတ်မပြုလို့မရဘူး။ ဒါ ရန်သူက အခြေအနေတွေကို သူ အသိအမှတ်မပြုလို့ မရဘူးပေါ့နော်။ မြေပြင်မှာ ရှိသင့် ရှိထိုက်တဲ့ လက်နက် အကုန်လုံး ကျွန်တော်တို့မှာ ရှိတယ်။ KA နဲ့ KNDF မှာ မြေပြင်မှာ ရှိသင့်ရှိထိုက်တဲ့ဟာတွေ အကုန်လုံး ကျွန်တော်တို့မှာ ရှိတယ်။ သို့သော် အဲဒီဝေဟင်က လာတဲ့ဟာကိုပဲ ပြန်ပြီးတော့ ပြန် ခုခံတိုက်ခိုက်ဖို့ရာ အားနည်းတာပဲ ရှိတယ်ပေါ့နော်။ နောက်တစ်ခုကတော့ တာဝေးပေါ့နော်။ သူတို့ဘက်က တာဝေးတွေနဲ့ ပစ်တယ်။ ခုဆိုရင် နောက်ပိုင်းဆို တွဲဒုံးတွေနဲ့ ပစ်လာတယ်။ တစ်ခါကျရင် သုံးလုံး တစ်ခါတည်း ကျတယ်၊ လေးလုံး တစ်ခါတည်း ကျတယ် ဆိုတဲ့ ဟာမျိုးတွေ ပစ်လာတယ်။ သူတို့ဘက်မှာ အဲ့နှစ်ခု မရှိရင် သူတို့ ဒီမှာ လာသမျှ မြေဩဇာပဲ။

မေး။ ။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့ထဲက ရဲဘော် ၁ ယောက်အနေနဲ့ ကရင်နီပြည်သူတွေရော မြန်မာနိုင်ငံအနှံ့က ပြည်သူတွေကိုရော ဘာများပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ဒီသွေးထွက်တဲ့ နိုင်ငံရေးကို ရွေးထားပြီးပြီပေါ့။ ဆိုတော့ ခွေးမြီးဆွဲပြီးပြီ။ ရိုင်းလည်း မိုက်ရိုင်းတဲ့ ခွေးမြီးဆွဲပြီးပြီ။ ကျွန်တော်တို့က သူ့ဂုတ်ကို ကိုင်နိုင်မှပဲ အဆင်ပြေမယ်။ အမြီးဆွဲပြီးတော့မှ ပြန်လွတ်ပေးဖို့ရာအတွက် အဆင်မပြေနိုင်ဘူး။ အဲ့တော့ အယောက်တိုင်းစီ တော်လှန်ရေးရဲဘော်တွေရော ကျွန်တော်တို့ ပြည်သူတွေရော ကျရာ အခန်းကဏ္ဍကနေ ပါဝင်ပေးပါ။ ကျရာ အခန်းကဏ္ဍကနေ လှုပ်ရှားဆောင်ရွက်ပေးပါ။ စိတ်ဓာတ်ကျစရာ ဘာမှမရှိဘူး။ ကျွန်တော်တို့က သွေးထွက်တဲ့နိုင်ငံရေး ရွေးထားတာ ဖြစ်တဲ့အတွက်ကြောင့် သွေးကတော့ ထွက်မှာပဲ ဖြစ်တယ်။ သို့သော် ဒီသွေးထွက်လာတာနဲ့ အမျှ စိတ်ဓာတ်တွေကျနေမယ်။ ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်ကို လက်လွှတ်ချင်တယ်၊ နောင်တတွေ ရှိမယ်ဆိုရင်တော့ ဒါ အစကတည်းက မလုပ်ခဲ့သင့်ဘူး။ ကျွန်တော်တို့က အခုအချိန်မှာ နောက်လှည့်လို့ မရတဲ့ အခြေအနေမှာ ဖြစ်ပြီ။ အတိုင်းအတာတစ်ခုအထိလည်း ကျွန်တော်တို့က အောင်မြင်နေတဲ့ အခြေအနေမှာ ရှိတယ်။ ဒါကိုပဲ ကျွန်တော်တို့က တစ်စိုက်မတ်မတ်နဲ့ ဆက်ပြီးတော့ အားသွန်ခွန်စိုက်ကြိုးစားပြီးတော့ ညီညီညာညာနဲ့ လုပ်သွားဖို့ပဲ လိုတယ်။ ဒါဆိုရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ပြည်သူလူထုကို အလုံးစုံ ကာကွယ်ရေး၊ ပြီးရင် စစ်အာဏာရှင် စစ်တပ် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်တစ်ခုလုံးနဲ့ မင်းအောင်လှိုင်ရဲ့ နောက်ကွယ်မှာ ဦးဆောင်တဲ့ ကောင်တွေ အကုန်လုံး ပြုတ်ကျရေး ၊ သူတို့ အမြစ်ပြတ်ရေးနဲ့ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ကျွန်တော်တို့ ရောက်မှာပဲ ဖြစ်တယ်။ ဆိုတော့ ဒီအချိန်မှာ အားမလျှော့ဖို လိုတယ်၊ ကျွန်တော်တို့ ရဲဘော်တွေလည်း ကျနေတယ်။ ကျွန်တော်တို့ ရဲဘော်တွေလည်း ထိနေတယ်။ ထို့အတူ တခြားခြားမှာ ရှိနေတဲ့ လူတွေလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်။ သိပ်မကြာခင်ကဆို ကရင်မှာရှိတဲ့ ဗျူဟာမှူးတစ်ယောက်ကျတယ်။ ဝမ်းနည်းရတယ်။ ဒါ ကျွန်တော်တို့ရဲ့ လူကောင်းတွေလည်း ကျွန်တော်တို့ကို စွန့်ခွာသွားတာလည်း ရှိတယ်။ သို့သော် ကျွန်တော်တို့ ဒီလိုမျိုး အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ သားသမီးတွေ၊ ကျွန်တော်တို့ မျိုးဆက်တွေမှာ ဒါမျိုးကို ဆက်အဖြစ်မခံနိုင်တော့ဘူး၊ ဒါကြောင့်မို့ ကျွန်တော်တို့က ပိုပြီးတော့ အလုပ်လုပ်ရမယ်။ ပိုပြီးတော့ အားတင်းထားရမယ်။ တောင့်ခံထားရမယ်။ ဒါမှသာ ကျွန်တော်တို့ သွားချင်တဲ့ ပန်းတိုင်ကို ရောက်ရမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article