32 C
Yangon

တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသော ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား

Must read

တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသော ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၁၇

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ကြီးစိုးနေသော ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆီအရောင်းဆိုင်များနှင့် ကုမ္ပဏီများကို စစ်ကောင်စီက စည်းကမ်းချက်နှင့်အမိန့်များ ချမှတ်ပြီး အထူးတင်းကျပ်မှုများ လုပ်ဆောင်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဆီကိုယ်စားလှယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

တော်လှန်ရေးတပ်များ ကြီးစိုး သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ၊ ရခိုင်ပြည်၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ်၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်း မကွေးတိုင်းအတွင်းမှ လွတ်မြောက်နယ်မြေများသို့ စက်သုံးလောင်စာဆီများ ရောက်ရှိခြင်း မရှိစေရေးအတွက် စစ်ကောင်စီက စည်းကမ်းချက်အသစ်များ တိုး၍ ချမှတ်လာနေကြောင်း သိရှိရသည်။

စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များနှင့် ကုမ္ပဏီများကို တင်းကျပ်မှုများ လုပ်ဆောင်လာရာတွင် အထူးသဖြင့် စက်သုံးဆီ သယ်ဆောင်ရာတွင် တင်ပြခွင့်ပြုထားသည့် ခရီးဆုံးနေရာအထိ သယ်ယူမည့် စက်သုံးဆီပမာဏအတိအကျကို အလေအလွင့်မရှိဘဲ သယ်ယူရန်၊ ဆီသယ်ယူရာတွင်လည်း တင်ပြခွင့်ပြုထားသည့် ဆီဘောက်ဆာယာဉ်မှလွဲ၍ မည်သည့်အစားထိုးယာဉ်ကိုမှ အသုံးပြုခြင်းမပြုရန်၊ ရောင်းချရန် ခွင့်ပြုထားသည့် စက်သုံးဆီပမာဏအတိုင်း ရောင်းဝယ်ရန်၊ ဆီသိုလှောင်၍ ပြင်ပသို့ ထုတ်ရောင်းခြင်း လုံး၀(လုံး၀) မပြုလုပ်ရန် စည်းကမ်းချက်နှင့် ညွှန်ကြားချက်အသစ်များ ထုတ်ပြန် တင်း ကျပ်နေကြောင်း သိရှိရသည်။

“စက်သုံးဆီတွေ အမည်းရောင်နယ်မြေတွေဆီ လုံး၀ မရောက်ဖို့ တင်းတင်းကျပ်ကျပ် လုပ်လာပါတယ်။ ဥပမာ- တောင်ကြီးဆီဆိုင်ကို ဆီဂါလံ ၅၀၀၀ သယ်ဖို့ ခွင့်ပြုထားရင် တောင်ကြီးဆီဆိုင်ဆီကိုပဲ ဆီဂါလံ ၅၀၀၀ ရောက်ရမယ်။ တောင်ကြီးဆီဆိုင်ကိုရောက်တဲ့အချိန်မှာ ခွင့်ပြုထားတဲ့ ဆီပမာဏက တစ်စက်ကလေးမှ မလျော့ရဘူး ။ တောင်ကြီးဆီဆိုင်မဟုတ်ဘဲ အခြားနေရာတွေကို ဆီတွေ ရောက်လို့မရဘူး။ ခွင့်ပြုထားတဲ့ဆီဘောက်ဆာကားနဲ့ပဲ သယ်ရမယ်။ အစားထိုး ဆီဘောက်ဆာကားနဲ့ သယ်တာမလုပ်ရဘူး။ လမ်းကြောင်းကိုလည်း တင်ပြ သတ်မှတ်ထားတဲ့ လမ်းအတိုင်းပဲ သယ်ခိုင်းတယ်” ဟု စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

တော်လှန်ရေးတပ်များကြီးစိုးသော နေရာများသို့ စက်သုံးဆီများ မရောက်ရှိစေရေး ဆိုသော ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက တင်းကျပ်မှုများ လုပ်ဆောင်သည့်အပြင် စည်းကမ်းနှင့်အမိန့်အသစ်များကို မလိုက်နာသော ဆီဆိုင်များ၊ ဆီကုမ္ပဏီများကိုလည်း ဒဏ်ရိုက်ခြင်း၊ လုပ်ငန်း လိုင်စင် ယာယီရပ်ဆိုင်းခြင်းများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

“ဆီဆိုင်တွေက ဆီသယ်ယူတဲ့နေရာမှာ စည်းကမ်းမလိုက်နာလို့၊ သတ်မှတ်ခွင့်ပြုထားတဲ့ ဆီဘောက်ဆာနဲ့မသယ်လို့ ၊ ဆီဆိုင်ကို ရောက်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့ ဆီပမာဏ မပါတော့ဘဲ လျော့နည်းနေတာ စတဲ့ စည်းကမ်းချက်တွေကို မလိုက်နာလို့ဆိုပြီး ဆီဆိုင် ၃၀ ကျော်ကို ၃ လ ယာယီဆီရောင်းခွင့် လိုင်စင် ပိတ်သိမ်းတာရှိတယ်။ ဒဏ်ရိုက်တာတွေလည်းများတယ်။ သတ်မှတ်လမ်းကြောင်းအတိုင်းမသယ်ရင် ဆီဘောက်ဆာကားတစ်စီးကို သိန်း ၅၀ ဒဏ်ရိုက်တယ်” ဟု မြန်မာနိုင်ငံစက်သုံးဆီအသင်းမှ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ထို့ပြင် တော်လှန်ရေးတပ်များ ကြီးစိုးနေသော နေရာများသို့ စားနပ်ရိက္ခာ၊ ဆေး ဝါး၊ လူသုံးကုန်နှင့် အီလက်ထရောနစ်ပစ္စည်းများ မရောက်ရှိစေရေးအတွက် စစ်ဆေးရေးဂိတ်များချ၍ တင်းတင်းကျပ်ကျပ် စစ်ဆေး ဖမ်းဆီးခိုင်းထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီကဆီသယ်ယာဉ်များနှင့် ခရီးသွားယာဉ်များကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article