25 C
Yangon

ကမ္ဘောဒီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် စက်ရုံ၊ အလုပ်ရုံများက အခြေခံ အလုပ်များအတွက် မြန်မာအလုပ်သမား ခေါ်ယူလာပြီး လုပ်ခလစာ သက်သာ၍ မြန်မာများကို စတင်ခေါ်ယူရန် ကမ်းလှမ်း

Must read

ကမ္ဘောဒီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် စက်ရုံ၊ အလုပ်ရုံများက အခြေခံ အလုပ်များအတွက် မြန်မာအလုပ်သမား ခေါ်ယူလာပြီး လုပ်ခလစာ သက်သာ၍ မြန်မာများကို စတင်ခေါ်ယူရန် ကမ်းလှမ်း

ရန်ကုန်၊ ဒီဇင်ဘာ ၁

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုး ရေးနှင့် စက်ရုံ၊ အလုပ်ရုံများက အခြေခံ အလုပ်များအတွက် မြန်မာအလုပ် သမား ခေါ်ယူလာပြီး လုပ်ခလစာ သက်သာ၍ မြန်မာများကို စတင်ခေါ်ယူရန် ကမ်းလှမ်းလာကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကမ္ဘောဒီးယားရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများတွင် အခြေခံအလုပ်သမား ရှားပါးမှု ရှိနေပြီး ယင်းအတွက် မြန်မာအလုပ်သမားများကို စတင်ခေါ်ယူလာခြင်းဖြစ်ကြောင်း၊ လတ်တလော ကမ္ဘောဒီးယားရှိ အေဂျင်စီတချို့က မြန်မာနိုင်ငံမှ အလုပ်အကိုင်အေဂျင်စီတချို့နှင့် ချိတ်ဆက်ကာ အလုပ်သမား ခေါ်ယူလာကြောင်း၊ ပြည်ပအလုပ်အကိုင်အေဂျင်စီ ဝန်ဆောင်ခမှာမူ Zero Cost ဖြစ်ကြောင်း သိရှိရသည်။

“ကမ္ဘောဒီးယားက အလုပ်သမားခေါ်တဲ့ အေဂျင်စီတချို့က ရန်ကုန်မှာရှိတဲ့ အေဂျင်စီတချို့ကို ချိတ်ဆက်ပြီး လယ်ယာလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ သံချည် သံကွေး လုပ်ငန်းတွေ အတွက် မြန်မာအလုပ်သမားတွေ ခေါ်လာတယ်။ လစာကတော့ တစ်လကို အခြေခံလစာ ဒေါ်လာ ၂၀၀ ကျော်လောက်ထွက်မယ်။ ဝန်ဆောင်ခနဲ့ လေယာဉ်လက်မှတ်က ဟိုဘက်က ကျခံပေးမယ်။ အခုတော့ ၃၀ နဲ့ ၄၀ အကြား စခေါ်နေပြီ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုက ရှင်းပြသည်။

သို့ရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် စစ်ကောင်စီအကြား မြန်မာအလုပ်သမား ခေါ်ယူရေးအတွက် MOU ထိုးထားခြင်းမရှိသေးဘဲ ပုဂ္ဂလိကပုံစံဖြင့်သာ ခေါ်ယူနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော ပြည်ပအလုပ်အကိုင်ကျွမ်းကျင်လုပ်သား သင်တန်းတွင် ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်ကြမည့် မြန်မာနိုင်ငံမှ အလုပ်သမားတချို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

လာအိုနိုင်ငံသို့လည်း မြန်မာနိုင်ငံမှ အလုပ်သမားများ လယ်ယာလုပ်ငန်း၊ အထည်ချုပ်နှင့် စက်ရုံအလုပ်ရုံများတွင် သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက် ၁၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း၊ လာအိုနှင့် စစ်ကောင်စီအကြား အလုပ်သမားပို့ဆောင်ရေး MOU လက်မှတ်ရေးထိုးပြီးနောက် မြန်မာအလုပ်သမားများ အရေအတွက်များစွာဖြင့် လာအိုနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြမည့် မြန်မာအလုပ် သမားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article