28 C
Yangon

ထီးလင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ

Must read

ထီးလင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ လည်း သိမ်းဆည်းရရှိခဲ့ကြောင်း Yaw Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် နာရီအချိန် ထီးလင်းမြို့မှ ထွက်ခွာလာသော အင်အား ၈၀ ကျော်ပါ အကြမ်း ဖက်စစ်တပ် စစ်ကြောင်းက ယောတပ်တော် – YA ၏ လှုပ်ရှားစစ်ကြောင်း ၂ တပ်ဖြန့်ထားသောနေရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွား ချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က Mi-35 ချေမှုန်းရေး ရဟတ်ယာဥ်များဖြင့် လေကြောင်း ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ယောတပ်တော် – YA နှင့် မဟာမိတ်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပူးပေါင်း တပ်ဖွဲ့ကလည်း တိုက်ခိုက်ရေး Drone များ၊ ဒေသခံပကဖ တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ယော တပ်တော်ကို အားဖြည့်ပေးခဲ့သောကြောင့် နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီအချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်မှ အများအပြား ထိခိုက်သေဆုံးကာ ထီးလင်းမြို့တွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၆ မိနစ်အချိန် ကျောက်ထုမြို့ အမြောက်တပ်၊ အမတ ၃၆၈ တပ်ဝန်းအနီး ၁ ကီလိုမီတာ အကွာ၌ ယောတပ်တော် (YA) ၏လှုပ်ရှားစစ်ကြောင်း ၄ နှင့်ကျောက်ထု အမတ ၃၆၈ မှ ထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကြောင်း ရှေ့ပြေးစစ်သားများ ထိတွေ့တိုက်ပွဲ အနီး ကပ်ဖြစ်ခဲ့ရာ ညနေ ၄ နာရီ အချိန်အထိ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီ တပ်မှလည်း ထိခိုက်သေဆုံးမှုများပြားကာ ယောတပ်တော် – YA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၅၀ အချိန် ကျောက်ထုမြို့ ၊ အမတ ၃၆၈ တပ်မှ ထပ်မံ အင်အားဖြည့်တင်းပြီး ယောတပ်တော် – YA အခြေပြုရာနေရာသို့ ထပ်မံ စစ်ကြောင်းထိုးလာခဲ့သဖြင့် လက်ဦးမှုရယူတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအထိနာခဲ့ပြီး လေကြောင်းပစ်ကူ ၆ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ပွဲ သည် ၂၃ နာရီ ကြာမြင့်ခဲ့ပြီး လေ ကြောင်းပစ်ကူတိုက်ခိုက်နေသည့်ကြားမှပင် ယောတပ်တော် – YA တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပြန်လည် ဆုတ်ခွာ သွားသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ အကြမ်းဖက် စစ် သား အလောင်း ၂ လောင်း၊ MA-1 အမျိုးအစား သေနတ် ၂ လက် ၊ ခဲယမ်း နှင့် စစ်အသုံး အဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာလ ၂၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ထီးလင်းမြို့၊ ရွှေထီးခန်းမမှ အင်အား ၈၀ ခန့် ဖြင့် အနီးအနားကျေးရွာများကို လုယက်ဖျက်ဆီးရန် ထွက်လာသော တပ်မ ၇၇၊ တပ်ရင်း ၁၀၇ ပူး ပေါင်း စစ်ကြောင်းကို ယောတပ်တော်- YA ၏ လှုပ်ရှားစစ်ကြောင်း ၃ က လက်ဦးမှု ရယူပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ထီးလင်းမြို့ တွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲသည် ၅ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ Mi 35 ချေမှုန်းရေး ရဟတ် ယာဉ်ဖြင့် လေကြောင်းပစ်ကူပေးကာ ၎င်းတပ်များကို ဆွဲထုတ်သွားခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်‌ နေ ချိန် တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒရုန်းတပ်ဖွဲ့မှလည်း ယောတပ်တော် (YA) နှင့် လာရောက်ပူးပေါင်းခဲ့ကြကာပြီး ဟန်ချက်ညီညီ တိုက်ပွဲဖေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကြောင်းမှူး အရာရှိ ဗိုလ်ကြီး တစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား အ လောင်း ၈ လောင်း၊ စစ်သုံ့ပန်း ၁ ဦး၊ MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကာဘိုင် ၂ လက်၊ အခြား ကျည်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များ၊ ရေဒီယို စက်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသော စစ်တပ်မှာ ကစဥ့်ကလျားဖြင့် ထွက်ပြေး ဆုတ်ခွာသွားကြောင်း ယောတပ်တော် -YA တပ် ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

“၄ ရက်တိုက်ပွဲအတွင်း စကစဘက်က တိတိကျကျ သတင်းရတာတော့ စုစုပေါင်း ၂၄ ယောက်သေ တယ်ဗျ၊ ရရှိတဲ့လောင်းက ၈ လောင်းရတယ်။ ဒီထက်ကျဆုံးတာတွေ၊ ထိခိုက်ပြင်းထန်တွေနဲ့ ပျောက် ဆုံးနေတာတွေလည်းရှိတယ်။ စကစဘက်က စစ် ကြောင်းမှူးအရာရှိတစ်ယောက်လည်း ကျဆုံးတဲ့အ ထဲမှာပါတယ်။ လေယာဉ်ပစ်ကူတော့ တိုက်ပွဲ ၄ ရက်လုံးမှာလာပါတယ်။ အဲဒီတိုက်ပွဲတွေပြီးကတည်း က အခုချိန်ထိ မထွက်တော့ပါဘူး” ဟု ယောတပ်တော် – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း ယောတပ်တော် -YA မှ ရဲဘော် ၂ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ ကာ ပူးပေါင်းလာသော ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ ရဲဘော် ၁ ဦး အသက်ပေးဆပ်ခဲ့ရ ကြောင်း၊ တိုက်ပွဲများအတွင်း ဒဏ်ရာရရှိသော စစ်သား ၅ ဦးလည်း ထပ်မံသေဆုံး၍ ဒဏ်ရာရရှိသူ စစ်သား ၁၀ ဦးမှာ ဆေးကုသနေရကြောင်း သိရသည်။

စစ်ဆင်ရေးတိုက်ပွဲများတွင် ယောတပ်တော် – YA သည် မဟာမိတ် ချင်းညီနောင် – CB ၊ ယောကာကွယ်ရေးတပ် – YDF တို့နှင့် ပူး ပေါင်းကာ ယောဒေသစစ်ဆင်ရေးများကို တိုးမြှင့်ဖေါ်ဆောင်လျက်ရှိပြီး နီးစပ်ရာ ဒေသခံကာကွယ် ရေးတပ်ဖွဲ့များ၊ ခရိုင်တပ်ရင်းများ နှင့် Drone တပ်ဖွဲ့များလည်းပူးပေါင်းကာ ဟန်ချက်ညီတိုက်ပွဲဝင်ခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ရေးတွေ ပြင်းထန်လာဖို့ရှိမယ်၊ ပြည်သူတွေ အစစအရာရာ ပြင်ဆင်ထားကြဖို့လိုမယ်၊ ကျနော်တို့ ယောတပ်တော်အနေနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်ရေး ၊ ယောဒေသ အမြန်ဆုံးလွတ် မြောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ရည်ရွယ်ချက်တူ မဟာမိတ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” ဟု ယောတပ်တော် – YA တပ်ဖွဲ့မှ တာဝန် ရှိ သူတစ်ဦးက ပြောဆိုသည်။

One attachment

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article