အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီးပြီးနောက် ညတွင်းချင်း သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ကျေးရွာအနီး စွန့်ပစ်ခဲ့
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီးနောက် ညတွင်းချင်း သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ကျေးရွာအနီး စွန့်ပစ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် အုတ်ဖိုမြို့နယ် ချောင်းဂွ(ဂျီ)ရွာ၌ နေထိုင်သော ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်နှင့် ဦးစိုးကြီး တို့၄ ဦးကို အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးခန့်က ကျေးရွာအတွင်းဝင်ရောက်စီးနင်းပြီး အုတ်ဖိုမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နံနက်အစောပိုင်း ၂ နာရီခန့်တွင် အုတ်ဖိုမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကားဖြင့် ပြန်လည် ခေါ်ဆောင်လာပြီး ချောင်းဂွ(ဂျီ)ကျေးရွာ အုပ်စု သဲကုန်းလေး ထန်းရည်ဆိုင် အနောက်ဘက်ကုန်းတွင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ကားလမ်းမတွင် စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ် လော်ဘီများက ၎င်းတို့ တယ်လီဂရမ်များတွင် PDF များက သတ်ဖြတ်ခြင်းဖြစ်ကြောင်း လိမ်လည် သတင်းထုတ်ပြန်နေကြောင်း သိရသည်။
“ကျန်တော်တို့ PDF တွေက ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို ဘယ်တော့သတ်ဖြတ်တာမလုပ်ဘူး။ ကျန်တော်တို့ စစ်ကောင်စီနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ဒုက္ခပေးတဲ့သူတွေ ဆိုရင်တော့ ကျန်တော်တို့ စစ်ကောင်စီ ယန္တရားမှာပါတယ်။ ပျူစောထီး လုပ်ပြီး သတင်းပေးတယ်။ ဒါမျိုးလူကို ကျန်တော်တို့ ရှင်းရင်တောင် တာဝန်ယူမှု တာဝန်ခံမှုနဲ့ သတင်းထုတ်ပြန်ပါတယ်။ အခုလို စစ်ကောင်စီက ကိုယ်လုပ်တာကို တာဝန်မခံတဲ့ PDF လွှဲချတယ်ဆိုတာ သူတို့က ယုတ်မာရိုင်းဆိုင်းတဲ့ ကောင်တွေလို့ မှတ်ချက်ပေးချင်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။
ဒီဇင်ဘာလ ၄ ရက်နေ့တွင် ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော ဗိုလ်ကြီးဝင်းသိန်းနှင့် တပ်ကြပ်တင်အောင်တို့ကို PDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာသည့် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပြည်သူ ၄ ဦးက လယ်ထဲ၌ အလုပ်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။