32 C
Yangon

အုတ်ဖို၊ ရိုးမအစပ်တွင် ကင်းထောက် PDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး မျက်စိ ၂ လုံးကို ဖောက်ထုတ်ကာ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုနှက် သတ်ဖြတ်

Must read

အုတ်ဖို၊ ရိုးမအစပ်တွင် ကင်းထောက် PDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး မျက်စိ ၂ လုံးကို ဖောက်ထုတ်ကာ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုနှက် သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာလ ၇

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်တွင် စစ်ကြောင်း လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် PDF ရဲဘော် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး မျက်စိ ၂ လုံးကို ဖောက်ထုတ်၍ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုကာ ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ၅ ကြို့ပင်ကောက်Heroပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်း လှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းနေသည့် သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်မွန်ကြီးသည် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက PDF ရဲဘော် မွန်ကြီး၏ မျက်စိ ၂ လုံးကို ဖောက်ထုတ်ပြီး ဦးခေါင်းကို သေနတ်ဒင်များဖြင့် ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျန်တော်တို့ ရဲဘော်က မြေပြင်မှာက စစ်ထောက်လှမ်းရေး တာဝန်ခံပေါ့။ ကျန်တော်တို့ ရဲဘော်က ဆိုင်ကယ်နဲ့ လှမ်းပြီး ကင်းထောက်နေချိန် စစ်ခွေးတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရဲဘော်ရဲ့ ပေါင်ကို သေနတ်နဲ့ အရင်ပစ်တာပေါ့။ ရဲဘော်က ကျည်ထိတာတောင် ပြေးဖို့ ဟန်ပြင်သေးတယ်။ စစ်ခွေးတွေက ဝိုင်းမိသွားတော့ သူပြန်ခုခံရင်းနဲ့ ဖမ်းမိသွားတာ စစ်ခွေးတွေ မသေမချင်း ဦးခေါင်းကို သေနတ် ဒင်နဲ့ ထုသတ်သွားတာ ဦးခေါင်းတစ်ခုလုံးဆို ကြေမွနေတာပဲ ဘယ်ဘက်လိုက် သူ့မိန်းမ အမည် ရေးထားတဲ့ တက်တူးကိုလည်း ဓားနဲ့ လှီးထုတ်လိုက်တယ်။ မျက်လုံးတွေပါ ဖောက်ထုတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတာ” ဟု သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ၅ ကြို့ပင်ကောက်Heroပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်း အုတ်ဖိုမြို့နယ် ချောင်းဂွ(ဂျီ)ရွာ၌ နေထိုင်သော ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်နှင့် ဦးစိုးကြီး တို့၄ ဦးကို အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးခန့်က ကျေးရွာအတွင်းဝင်ရောက်စီးနင်းပြီး အုတ်ဖိုမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို ဖမ်းဆီးခေါ်ခဲ့ကြောင်း၊ ယင်းနောက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အလောင်းများကို လမ်းမပေါ်တွင် စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article