ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်ပွဲတွင် စစ်တပ်က ဓာတုအဆိပ်ဗုံး အသုံးပြု တိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင်များ မူးဝေအော့အန်ဝေဒနာခံစားရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်က ဓာတုအဆိပ်ဗုံးအသုံးပြုကာ တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မူးဝေအော့အန် ဝေဒနာခံစားခဲ့ရကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန် ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ကျောက်ဂူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အမတ ၃၄၉ ၊ နောင်ဝိုးအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၉၂ နှင့် နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသသို့ စစ်ကူသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ် စစ် ကြောင်းတို့ကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံးအသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ဓာတုအဆိပ်ဗုံးအသုံးပြတိုက်ခိုက်မှုကြောင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)တပ်ဖွဲ့ဝင်များ ဓာတုအဆိပ်သင့်ကာ မူးဝေအော့အန်ခြင်းတို့ ဖြစ်ခဲ့ကြောင်း သိရသည်။
“လေယာဉ်နဲ့မဟုတ်ဘူး၊ ဒရုန်းနဲ့ချတာ၊ နေ့တိုင်းတိုက်ပွဲဖြစ်နေတာ ဟုတ်ပါတယ်။ ဓာတုအဆိပ်ဗုံးက တော့ ဒီဇင်ဘာလ ၇ ရက်နေ့တစ်ရက်တည်းချတာပါ။ ဓာတုအဆိပ်သင့်တဲ့ ရဲဘော်တွေလည်း အခု တော့ သက်သာပါပြီ။ နေ့စဉ်ထိတွေ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ သတင်းထုတ်ပြန် သွားမှာပါ” ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တပ်ဖွဲ့တို့အကြား နိုဝင်ဘာလ ၃၀ ရက်နေ့မှစ၍ နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး ယင်း တိုက်ပွဲများနှင့်ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။