ရန်ကုန်နှင့် ဧရာဝတီမှ ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှု အလွန်များပြားလာ၊ ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က စစ်မှုထမ်းရမည်ဟုဆိုကာ နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲ ဖမ်းဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် အသက် ၁၄ နှစ်အရွယ် ကလေးငယ်များ ပျောက်ဆုံးမှု ပိုများလာကြောင်း မိသားစုဝင်တချို့နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တို်း၊ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ယာတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် မောင်ဘုန်းမြတ်သူရ (ခ) သားငယ်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘောလုံးကန်မည်ဟုဆိုကာ နေအိမ်မှ ထွက်သွားစဉ် ဘောလုံးကွင်းနှင့် နေအိမ်ကို ရောက်ရှိလာခြင်းမရှိဘဲ လမ်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်များက သူငယ်ချင်းနေအိမ်များနှင့် မောင်ဘုန်းမြတ်သူရ သွားတတ်လာတတ်သော နေရာများကို လိုက်လံရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၅ ရပ်ကွက် ဒဂုံရွှေမျှားလမ်းတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် လူငယ် ၁ ဦးသည် ဖခင်ဖြစ်သူ ဆူလိုက်၍ နေအိမ်မှ ထွက်သွားရာ ၃ ရက်ကြာသည်အထိ ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း၊ ၎င်းသွားလာတတ်သော နေရာများကို လိုက်လံ ရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။
“လှိုင်သာယာ အမှတ် ၅ ရပ်ကွက် ဒဂုံရွှေမျှားလမ်းမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ဦး ပျောက်ဆုံးနေလို့ပါ။ သူရဲ့ အဖေ အမည်က ထွန်းထွန်းဝင်းပါ။ သူ့အဖေ ဆူလိုက်လို့ အိမ်ကနေ ထွက်သွားတာ ပြန်မလာတာ ဒီနေ့နဲ့ ဆို ၃ရက်ရှိနေပါပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
ထို့အတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း Delivery ပို့သည့် လူငယ် ၁ ဦးမှာလည်း အိမ်ပြန်ရောက်ခြင်းမရှိဘဲ ပျောက်ဆုံးသွားသဖြင့် မိသားစုက စိတ်ပူနေကြောင်း၊ အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ရန်ကုန်မြို့တွင် မောင်စိုးသူကျော် (ခ)ကိုမောင်ချေ သည် အိမ်ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ထားသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ရွာ အထက ကျောင်းတွင် ၁၀ တန်းတက်နေသည့် လတ်ပွတ်ကုလား ကျေးရွာတွင် နေထိုင်သော အသက် ၁၅ နှစ်အရွယ် မောင်ထွဋ်ရန်လင်းသည် ဈေးဝယ်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မောင်ထွဋ်ရန်လင်း သည် မြောင်းမြမြို့ကို ဆိုင်ကယ်ဖြင့် ဈေးဝယ်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့ချိန်ထိ ပြန်လည်ရှာတွေ့ခြင်းမရှိသေးကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်း၊ မိုးညိုမြို့၊ ဇောတိက ရပ်ကွက်တွင်နေထိုင်သော အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦးသည် ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ခံဝန်ဖြင့်နေထိုင်နေစဉ် ယခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်မှုထမ်းရန် လူလိုသည်ဟုဆိုကာ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
“မိုးညိုမြို့၊ ဇောတိက ရပ်ကွက်မှာနေတဲ့ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးကို စစ်ခွေးတွေက ၁၇ ရက်နေ့ ညမှာ နေအိမ်မှာပဲ လာရောက် ဖမ်းဆီးသွားတယ်။ သူက ၂၀၂၂ ခုနှစ်က တစ်ခါ ဖမ်းဆီခံရဖူးတယ်။ စစ်ကြောရေးကနေ ပြန်လည်လွတ်မြောက် လာတာ ခံဝန်နဲ့ နေထိုင်နေရသူပေါ့။ အခု နောက်တစ်ကြိမ်း ဖမ်းဆီခံရတော့ စစ်မှုထမ်းထဲ လူလိုလို့ ပို့ဖို့ အတွက်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က လစဉ် စစ်မှုထမ်းရန် တပ်သားသစ်အရေအတွက် ပြည့်မီခြင်းမရှိသဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။