ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၄ ဦး ကို ပြန်လည်လွှတ်ပေး၊ မင်းတပ်မှ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး နေရပ်သို့ ပြန်လည် ပို့ဆောင်ပေး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၄ ဦး ကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ကန်ပက်လက် အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ထုတ်ဖော်ပြောဆိုသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီအချိန် ချင်းပြည်နယ်၊ ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး ဆုတ်ခွာသွားပြီးနောက် ချင်းညီနောင်တပ်ဖွဲ့က ကန်ပက်လက်မြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ ယင်းသို့ သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၄ ဦးကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း ၎င်းက ရှင်းပြသည်။
“ကန်ပက်လက်မှာပေါ့ ပြန်ပြီးတော့ ကယ်ထုတ်ထားတာ ၄ ဦးရှိပါတယ်။ ၂ ဦးကတော့ တော်လှန်ရေးနဲ့ပတ်သက်တာတွေ လုပ်တဲ့အတွက်ကြောင့်။ ၁ ဦးကတော့ လမ်းမှာ စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံရတာ။ အဖမ်းခံရပြီး နှိပ်စက်တာတွေ။ လက်သည်းအခွံခွာ သံကို မီးပူ တိုက်ပြီးတော့မှ နှိပ်စက်တာတွေရှိတယ်။ နောက်တစ်ဦးကတော့ တော်လှန်ရေးမှာပါပြီးတော့ အိမ်မှာနေတဲ့အချိန် သတင်းပေး ဒလန်ကြောင့် အဖမ်းခံရတယ်။ သူ့ကိုလည်း နှိပ်စက်ထားတာရှိတယ်။ နောက်တစ်ဦးက ကယ်ထုတ်ထားတဲ့အထဲမှာပါလာတာက စကစ တပ်သားတစ်ယောက်ပဲ။ မနေချင်လို့ ထွက်ပြေးတဲ့အချိန်မှာ သူ့ကိုပြန်ပြီးတော့ ပစ်ပြီးတော့ ပြန်ဖမ်းတာ။ ဒဏ်ရာနဲ့ ရင်အုပ်မှာ ဒဏ်ရာရပြီးတာ့ ထောင်ထဲထည့်ထားတယ်။ ထောင်ထဲ ထည့်ထားတာကို ကျနော်တို့ဆီကနေ ပြီးတော့ ဆေးဝါးကုသပေးပြီးတော့ အသက်ရှင်တာပေါ့။ ပြီးတော့မှ အခြားအကျဉ်းသား ၁ ဦးပေါ့။ ကယ်ထုတ်ထားတာပါ” ဟု ဆလိုင်းအောင်လင်းက ဆိုသည်။
အလားတူ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင်လည်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ယင်းအကျဉ်းသားများကို သက်ဆိုင်ရာနေရပ်များဆီသို့ ပြန်လည် ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း မင်းတပ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က ပြောဆိုသည်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းကျထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း အောင်မြင်စွာကယ် ထုတ် ပေးနိုင်ခဲ့ကြောင်း ချင်းညီနောင်တပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။