မြင်းခြံနှင့်တောင်သာရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံးပြီး စာသင်ကျောင်း ပျက်စီး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်ကုန်း ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုသပိတ် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မိတ္ထီလာမြို့မှ တက်လာသော စက်တပ် လေထီး ၂ စီးဖြင့် တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးလမ်းမနှင့် ပြည်သူ့ နေအိမ်များကို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၇၈ နှစ် အရွယ် ဒေါ်ခင်သန်း နှင့် အသက် ၅၇ နှစ်အရွယ် ဒေါ်ခင်ညွတ်တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ နွား ၃ ကောင် ၊ သိုး ၁ ကောင် နှင့် ဝက် ၁ ကောင်တို့လည်း သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ရွာသစ်ကျေးရွာကို မိတ္တီလာမြို့ မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကျဲချခဲ့ရာ ရွာသစ်ကျေးရွာ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေမှုများကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားရန် အတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားကြောင်း သိရှိရသည်