ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ အခြေစိုက် ခမရ ၅၅၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ အခြေစိုက် ခမရ ၅၅၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၃ ဦးသည် လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၅ရက်နေ့တွင် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ကရသူရိမြို့ အခြေစိုက် ခမရ ၅၅၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၃ ဦးသည် လက်နက်များယူဆောင်လာပြီး အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲထံ လက်နက်များယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် အဆိုပါ အလင်းဝင်ရောက်လာသူ ၃ ဦးကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ရန် ပြင်ဆင်နေပြီး ၎င်းတို့ကို လုံခြုံသည့် နေရာတွင် ဆက်လက် ထိန်းသိမ်းထားပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ဇန်နဝါရီလ ၁၅ရက်နေ့က ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၃ ဦးပါ။ ခမရ ၅၅၅ တပ်ကပါ။ လက်နက်ခဲယမ်းနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေ ထိုက်တန်တဲ့ဂုဏ်ပြုဆုငွေပေးအပ်သွားမှာပါ။ အဲခါကျရင် ထပ်ပြောပါမယ်။ ဝင်ရောက်လာသူတွေကိုတော့ သူတို့ဆန္ဒအတိုင်း ဆောင်ရွက်ပေးမှာပါ”ဟု အမှတ် ၂၇ စစ်ဗျူဟာ၊အမှတ် ၂ စစ်ဒေသခွဲက တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။