ရန်ကုန်တိုင်း၊ ကမာရွတ်တွင် လူနာတင်ကားဖြင့် စစ်တပ်က လှည့်လည် ပေါ်တာဆွဲ၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်နေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ရန်ကုန်မြို့၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အကြမ်း ဖက် စစ်တပ်က လူငယ် ၄၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူနာတင်ကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ကမာရွတ်ဘူတာတွင် ရထားစောင့်နေသည့် လူငယ် ၁ ဦးကို ပရဟိတ လူနာတင်ကားဖြင့် ရောက်လာသည့် အရပ်ဝတ် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသော လူငယ်က ထွက် ပြေးရန် ကြိုးစားခဲ့သောကြောင့် ပျူစောထီးများ ဝိုင်းဝန်းရိုက်နှက်ပြီး ကားပေါ် တင်ခေါ်သွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်း ကမာရွတ်မြို့နယ် လှည်းတန်းဘူတာတွင် လူနာ တင်ကားဖြင့် လှည့်လည် ပေါ်တာဆွဲရာတွင် လူငယ် ၇ ဦး အဖမ်းခံခဲ့ရပြီး ကမာရွတ်စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံစစ်တပ်၊ ပျူစောထီးများပါဝင်ကြောင်း၊ အမှတ် ၃ရပ်ကွက် ရတနာမြိုင်လမ်းတွင် နေထိုင်သူ ပျူစောထီး နေလင်းထိုက်၊ ခိုင်ရွှေဝါ(ဗဟိုလမ်း)မှ ပျူစောထီး ရဲဝင်းတို့ပါဝင်ကြောင်း သိရှိရသည်။
“ကမာရွတ်မြို့နယ်မှာ ပရဟိတလူနာတင်ကားနဲ့ လူပြန်ပေးဆွဲတဲ့ အလုပ်ကို စစ်ခွေးတွေ လုပ်နေကြပါတယ်။ မနေ့ မွန်းလွဲပိုင်းက ရထား လက်မှတ်ဝယ်ပြီးရထားစောင့်နေတဲ့ လူငယ် ၁ ဦးက ပလက်ဖောင်းပေါ် ရထားစောင့်နေတုန်း လူနာတင်ကား ရောက် လာပြီး ကားပေါ်က အရပ်ဝတ် စစ်ခွေးတွေက ဆင်းလာပြီး ဓားထုတ်ပြပြီး လက်ထိပ်ပါခတ်ပြီး ဖမ်းသွားတာ လူငယ်လေးက ရုန်းတော့ ဝိုင်းထိုးကြိတ်ပြီး ကားပေါ်တင်သွားပါတယ်။ ဘူတာနား ကားရပ်ပြီး တက်ဖမ်းတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ ပုဂံမြို့ ကိုးလုံးရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်က ဧည့်စာရင်းဝင်ရောက် စစ်ဆေးပြီး လူငယ် ၁၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉ နာရီခန့်တွင် ပုဂံမြို့ ကိုးလုံးရပ်ကွက်ကို အကြမ်း ဖက် စစ်ကောင်စီ တပ်သားက ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော လူငယ်များကို စစ်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။
“ပုဂံမြို့ ၊ ကိုးလုံးရပ်ကွက်ကို စစ်ခွေးတွေ ဧည့်စာရင်းဝင်စစ်တယ်။ ည ၉ ကျော်လောက်က စစ်ခွေးတွေ သူတို့ဧည့်စာရင်းစစ်တဲ့ နေအိမ်တွေက လူငယ် ၁၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားပါတယ်။ တချို့အိပ်ပျော်နေတဲ့ နေအိမ်တွေကို အတင်းအဓမ္မ ဝင်နှိုးပြီး ခေါ်ဆောင်သွားပါတယ်။ ဖမ်းဆီးသွားတဲ့ လူငယ်တွေကို စစ်ကားနဲ့ ခေါ်ဆောင်သွားတယ်။ ဘယ်ကိုခေါ်သွားလဲဆိုတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့အတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ စိတ္ထိန်းရွာ နှင့် သန်းကြီးကုန်းရွာ အလှူပွဲကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျောက်ပန်းတို့မြို့နယ်၊ သန်းကြီးကုန်းရွာ အလှူပွဲကို အကြမ်းဖက် စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ မြောက်လယ်ကြီးရွာနှင့် စိတ္ထိန်းရွာမှ ပြည်သူ ၄ ဦး ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သောကြောင့် လူငယ်များ ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“သန်းကြီးကုန်းရွာ အလှူပွဲမှာ ပေါ်တာဆွဲလို့ လူငယ် ၃၀ ပါသွားတယ်။ မြောက်လယ်ကြီးရွာက တောတိုက်ထဲမှာနေကြတဲ့ ထန်းတက်သမား ထန်းတဲတွေ၀င်ဆွဲလို့ အမျိုးသားတွေ အိမ်မှာ မနေရဲကြတော့ပါဘူး။ စိတ္ထိန်းရွာက တောတိုက်ထဲမှာနေတဲ့ စစ်ဘေးရှောင် မြင်းခြံက မိသားစု ၃ ဦးနဲ့ အိမ်ရှင်ကိုလည်း စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးသွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ပုံခိတ်ရွာတွင် ပြည်သူ့စစ်ခေါင်းဆောင် မာလာခိနှင့် အုပ်ချုပ်ရေးမှူး ပေါလု တို့ဦးဆောင်၍ စစ်မှုထမ်း လစဉ်ငွေကျပ် ၁ သိန်း လိုက်လံကောက်ခံနေကြောင်း၊ ထို့ပြင် စစ်မှုထမ်း လစဉ်ကြေးမပေးနိုင်သည့် လူငယ်များကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ငွေကျပ် သိန်း ၆၀ ဖြင့် ပြန်လည်ရောင်းစားနေကြောင်း သိရသည်။
“ကျိုင်းတုံမြို့၊ ပုံခိတ်ရွာမှာ ပြည်သူ့စစ်ခေါင်းဆောင် မာလာခိနဲ့ အုပ်ချုပ်ရေးမှူး ပေါလုတို့ ဦးဆောင်ပြီး စစ်မှုထမ်းကြေး လစဉ် ၁ သိန်းကောက်ပါတယ်။ လတိုင်းပေးနေရတော့ အခုမပေးနိုင်တဲ့ အိမ်တွေများလာပြီး လူငယ်တွေကို နေအိမ်ထဲထိ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ကို ငွေကျပ် သိန်း ၆၀ နဲ့ ပြန်ရောင်းစားနေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် တိုးချဲ့ ၂ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး သော်ဇင် ဦးဆောင်ကာ စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၅၀၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ဒေသနေပြည်သူများကို ပြောဆိုပြီးနောက် ဖေဖော်ဝါရီလ အတွက် စစ်မှုထမ်းကြေးများ လိုက်လံကောက်ခံနေကြောင်း သိရသည်။
ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၉ အတွက် စုဆောင်းခံရသော လူငယ်များ။