28 C
Yangon

ဧရာဝတီတိုင်းတွင် စစ်ရေးအခြေအနေ တင်းမာလာချိန် ပုသိမ်ထောင်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ဆေးဝါးနှင့် ဟင်းပါဆယ် ပို့ခြင်းများပါ ကန့်သတ်

Must read

ဧရာဝတီတိုင်းတွင် စစ်ရေးအခြေအနေ တင်းမာလာချိန် ပုသိမ်ထောင်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ဆေးဝါးနှင့် ဟင်းပါဆယ် ပို့ခြင်းများပါ ကန့်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းတွင် စစ်ရေးအခြေအနေတင်းမာလာမှုနှင့်အတူ ပုသိမ်ထောင်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ဆေးဝါးနှင့် ဟင်းပါဆယ် ပို့ခြင်းများကိုပါ စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း စစ်ရေးအခြေအနေတင်းမာလာမှုနှင့်အတူ ပုသိမ်အကျဉ်းထောင်အတွင်း စစ်ဆေးရေးများ တင်းကျပ်နေပြီး ဆေးဝါးပို့ခွင့်နှင့် စာအုပ်ပို့ခွင့်ကန့်သတ်ခြင်းများအပြင် ဟင်း ပါဆယ်ပို့ခြင်းကိုပါ ကန့်သတ်လိုက်၍ အကျဉ်းထောင်အတွင်း စားသောက်နေထိုင်ရေးအပြင် ကျန်းမာရေးပိုင်း ပိုမိုခက်ခဲလာနေကြောင်း၊ ဧရာဝတီတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့မှုများလာပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ပုသိမ်မြို့တွင် စစ်ရေးပြင် ဆင်နေရုံသာမက ပုသိမ်အကျဉ်းထောင်အတွင်း၌ စစ်ဆေးရေးများတင်းကျပ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိပုသိမ်အကျဉ်းထောင်မှာ နဂိုမူလရှိနေပြီးသား နိုင်ငံရေးအကျဉ်းသားတွေအပြင် စစ်တွေအကျဉ်းထောင်မှ ရခိုင် ပြည် နယ်ရဲ့ စစ်ရေးအရ ရွှေ့ပြောင်းလာတဲ့ အင်အားအလုံးအရင်းလည်း ပုသိမ်အကျဉ်းထောင်ကို အဓိက ရောက်လာတယ်။ အဲဒါကြောင့် လက်ရှိမှာ ပုသိမ်အကျဉ်းထောင်မှာ လူဦးရေ ၂ ဆ နီးပါးလောက် မြင့်တက်နေတယ်။ အဲဒီအပေါ်မှာလည်း အခြေခံ ဆေးဝါးတွေ မရရှိတဲ့အပြင် လူဦးရေ ထူထပ်စွာထားတဲ့အတွက် ပွေးဝဲယားနာတွေလည်း ဖြစ်နေတယ်။ ပါဆယ်အခက်အခဲတွေလည်း များစွာ ကြုံနေရပါတယ်။ ဒါကြောင့်မို့လို့ ဒီလို အခြေအနေတွေကို အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်တယ်။ လက်ရှိစစ်ရေးအခြေအနေတွေပေါ်မှာ အသုံပြုပြီးတော့မှ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ဖိနှိပ်ဖို့လုပ်နေတဲ့ ကိစ္စတွေက လုံးဝလက်ခံစရာအကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ပုသိမ်အကျဉ်းထောင်တွင် နေထိုင်မှုအတွက် လိုအပ်ချက်များကို ထောင်အာဏာပိုင်များတွင် တာဝန်ရှိသော်လည်း ၎င်းတို့က ပြင်ဆင်ပေးခြင်း မရှိသည့်အပြင် တန်းစီးများနှင့် ထောင်ဝန်ထမ်းများ ပူးပေါင်းကာ အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစ ပြု ၍ အခြားငွေကြေးကောက်ခံမှုများ ဆောင်ရွက်‌နေကြောင်း သိရှရသည်။

ကျန်းမာရေးအတွက် ဆေးဝါးပို့ပေးခြင်းများကိုလည်း ယခင်ကဲ့သို့ ပေးပို့မရနိုင်အောင် ကန့်သတ်ထားပြီး ဆေးဝါးအပြင် စာအုပ်များပေးပို့ခြင်းကို လုံးဝကန့်သတ်လိုက်ကြောင်း ၊ လက်ရှိအချိန်တွင် ပါဆယ်ပို့ရာတွင်လည်း ဟင်း ၃ မျိုးသာ လက်ခံပြီး ကော်ဖီ ၇ ထုပ်သာ ပေးပို့၍ ရတော့ကြောင်း၊ ပုသိမ်အကျဉ်းထောင်အတွင်းတွင် ဟင်းမလောက်ငမှု ကြောင့် နိုင်ငံရေးအကျဥ်းသားများက ထောင်ဈေးဘားကို ငွေသွင်းကာ မတန်တဆဈေးများဖြင့် ဝယ်စားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများသည် နေရာအခက်ခဲ၊ စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေကြရုံသာမက သောက်ရေမရရှိ၍ ချိုး ရေကိုသာ သောက်သုံးနေကြက။ အကျဉ်းထောင်အတွင်း ချိုးရေကန်သည် ခဲဓာတ်ပါသည့် ရေများဖြစ်သဖြင့် သက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားများသည် လမ်းမလျှောက်နိုင်သည့်ပြဿနာများ ဖြစ်နေရကြောင်း၊ ကျန်းမာရေးမကောင်းသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုများလည်း မပေး​သော ကြောင့် ကျန်းမာရေးပိုင်း ပိုမိုခက်ခဲလာနေသည်ကို စုံစမ်းသိရှိ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန် ရက် (PPNM)က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကောင်စီလက်အောက် အကျဉ်းထောင်မှ အကျဉ်သားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article