33 C
Yangon

မန္တလေးအိုးဘို၊ ဒိုက်ဦးနှင့်မြိတ်ထောင်တို့မှ အကျဉ်းဦးစီးဝန်ထမ်းက နိုင်/ကျဉ်းမိသားစုဝင်များထံသို့ ဖုန်းဆက် ငွေကြေး လိမ်လည်တောင်းခံနေ

Must read

မန္တလေးအိုးဘို၊ ဒိုက်ဦးနှင့်မြိတ်ထောင်တို့မှ အကျဉ်းဦးစီးဝန်ထမ်းက နိုင်/ကျဉ်းမိသားစုဝင်များထံသို့ ဖုန်းဆက် ငွေကြေး လိမ်လည်တောင်းခံနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မန္တလေးအိုးဘိုအကျဥ်းထောင်၊ ဒိုက်ဦးအကျဥ်းထောင်၊မြိတ်အကျဥ်းထောင်တို့တွင် တာဝန်ထမ်းဆောင်နေသည့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒိုက်ဦးထောင်၊ အိပ်ဆောင် ၄ ၏ အဆောင်မှူး မျိုးသီဟအောင်က နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံသို့ အကျဉ်း ကျခံ နိုင်ငံရေးအကျဉ်းသားတချို့ ဆေးရုံတက်နေရသဖြင့် ငွေကြေးအရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ငွေပေးပို့ရန် လိမ်လည်တောင်းခံခြင်းများ မကြာခဏလုပ်ဆောင်နေကြောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကို ဧည့်လာတွေ့မည်ဆိုပါက ဆေးရုံတက်ရသည့် အကြောင်း မမေးရန်နှင့် မေးပါက အမှုများ ထပ်မံတိုးသွားမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။

ဒိုက်ဦးအကျဉ်းထောင်မှ အဆောင်မှူး မျိုးသီဟအောင် အပါအဝင် ဒိုက်ဦးထောင်ရှိ ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများ ၏မိသားစုဝင်များထံမှ ငွေကြေးအနည်းဆုံး ၁ သိန်းမှစ၍ သိန်း ၁၀၀ ဝန်းကျင်အထိ လိမ်လည်တောင်းခံခဲ့ကြကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။

ထို့ပြင် အိုးဘိုထောင်တွင်လည်း ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် ဝမ်းပျက် ဝမ်း‌လျှောဖြစ်ပွားခဲ့မှုအပေါ် အခွင့်ကောင်းယူကာ နိုင်ငံရေးအကျဉ်းသူများ၏ မိသားစုဝင်များထံသို့ အကျဉ်းဦးစီးဝန်ထမ်း ဆုပိုပိုလင်း က ဆက်သွယ်ကာ ဓာတ်ဆားထုတ်ဝယ်ယူရန်ဟုဆိုကာ မြန်မာကျပ်ငွေ ၅၀၀၀၀ ကျပ်မှစ၍ ၁ သိန်းကျပ်အထိ လိမ်လည်တောင်းခံမှုများရှိခဲ့ကြောင်း၊ ယနေ့အချိန်အထိ ကျန်းမာရေးကိစ္စ နှင့် ထောင်မပြောင်းရရေး အကြောင်းပြချက်ပေးကာ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာ အချက်အလက်နဲ့စုစည်းထားတာကို ထုတ်ပြန်ထားတာပါ။ တခြားလူတွေ တခြားထောင်တွေမှာလည်း ဒီလိုမျိုး ကိစ္စတွေမရှိနေဘူးလားဆိုတော့ သရက်အကျဉ်းထောင်မှာလည်း ဒီလိုမျိုး ကိစ္စရပ်တွေ ထောင်တိုင်းနီးပါးမှာတော့ ဖြစ်နေတယ်။ လက်ရှိကာလမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကလည်း အထွေထွေအကျပ်အတည်းတွေကြောင့်မို့ ငွေရေးကြေးရေးအဆင်မပြေတဲ့ အခြေအနေမျိုးမှာ သားသမီးရဲ့ နာမည်တွေကို အသုံးချပြီးတော့မှ အခုလိုမျိုး ငွေကြေးလိမ်လည်မှု ကိစ္စရပ်တွေကတော့ လုံးဝလက်ခံစရာတော့ မရှိနေဘူး” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြိတ်အကျဉ်းထောင်တွင်လည်း အကျဉ်းဦးစီးဝန်ထမ်းတစ်ဦးက နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုများထံသို့ ငွေကြေးလိမ်လည်တောင်းဆိုနေမှုများရှိနေပြီး ညောင်ဦးအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပစ္စည်းမှာခိုင်းသည်ဟု ဆိုကာ မိသားစုဝင်များထံသို့ ငွေလိမ်လည်တောင်းခံခြင်းနှင့် ငွေကြေးများကို ဖုန်းဆက်တောင်းခံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း၊ ငွေကြေးကို ပျမ်းမျှ ၁ သိန်းမှ ၃ သိန်းအထိ တောင်းခံလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုများထံသို့ ငွေကြေးလိမ်လည် တောင်းခံသူများတွင် ညောင်ဦးအကျဉ်းထောင်မှ ကျော်လေး (ခ) ဆရာသော် အမည်ရှိ အကျဉ်းဦးစီးဝန်ထမ်းလည်း ပါဝင်ကြောင်း သိရှိရသည်။

“ငွေကြေးတောင်းခံတဲ့ လူတွေမှာ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ လူတွေကို နာမည်နဲ့ တကွ ထုတ်ပြန်တာဖြစ်ပါတယ်။ ရပ်တန်းက ရပ်ဖို့ ပြောချင်ပါတယ်။ ထောင်ပြောင်းမပါအောင်ဆိုပြီး တောင်းခံမှုတွေမှာလည်း အနည်းဆုံး ၃ သိန်းကနေ ၈ သိန်းအထိ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေလည်း ရှိနေတယ်။ တစ်ခါခါအကျဉ်းဦးစီးနဲ့ ရဲနဲ့ ပေါင်းပြီး ငွေကြေးလိမ်လည်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။ အထူးသဖြင့် ဒိုက်ဦးထောင်မှာ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို ဖုန်းနဲ့ ဆက်သွယ်ပြီးမှ ငွေကြေးတောင်းခံမှုကို ပိုပြီး ဆိုးဆိုးဝါးဝါးလုပ်နေတဲ့ ထောင် အဖြစ် သတ်မှတ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များအနေဖြင့် အထူးသတိထားရန်နှင့် သေချာစိစစ်မေးမြန်းပြီးမှသာ ငွေလွှဲရန် အသိပေးကြောင်း၊ ငွေကြေးလိမ်လည်တောင်းခံလျက်ရှိသည့် အကျဉ်းဦးစီးဝန်ထမ်းများအနေဖြင့်လည်း လိမ်လည်တောင်းခံနေသည့် လုပ်ရပ်များကို ရပ်တန့်ရန်၊ ငွေကြေး လိမ်လည်တောင်းခံမှုများ အခြေအနေဆိုးရွားလာပါက လူမှုရေးပြစ်ဒဏ်များပါ ပေးနိုင်ရေးအတွက် ကျုးလွန်သူကိုဓာတ်ပုံနှင့်တကွ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article