31 C
Yangon

NUCC အဖွဲ့ဝင် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း (နိဂုံးပိုင်း)

Must read

By ရန်ကုန်ခေတ်သစ်

“ဒီနိုင်ငံရေးဦးဆောင်မှုကလည်း ဒီနိုင်ငံကို ဘယ်တော့မှ ၂၀၀၈ ဘောင်ထဲ ကိုပြန်မသွားတော့ဘဲနဲ့ ၂၀၀၈ ကိုကျော်လွန်ပြီးတော့ အခြေခံဥပဒေအသစ်နဲ့ တည် ဆောက်နိုင်မယ့် နိုင်ငံသစ်ကို သွားကြဖို့လိုမယ်ဆိုတဲ့ဟာကိုတော့ ခိုင်ခိုင်ခံ့ခံ့ သိန္နိဌာန်ချဖို့လိုပါတယ်”


အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က လာမည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက် ဆောင်ရွက်နေမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ NUCC ထဲမှာမူလကပါခဲ့တဲ့ RCSS ရယ် မွန်ပြည်သစ်ပါတီရယ် PNLO ရယ်က စစ်အုပ်စုရဲ့ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သွားတွေ့တဲ့အထဲမှာလည်းပါတယ်။သူတို့က NUCC မှာဆက်ပါနေတုန်းပဲလား။ တကယ်လို့ သူတို့က ဆက်ပါနေတုန်းပဲဆိုရင် မင်းအောင်လှိုင်နဲ့လည်းတွေ့တယ်၊ NUCC ပါဆိုတဲ့ဟာမျိုး လက်ခံလား။ NUCC မှာပါတဲ့ အဖွဲ့အစည်းတွေက အကြမ်းဖက်အုပ်စုနဲ့ မဆက်ဆံရဘူးဆိုတဲ့မူမျိုး ချထားတာမျိုးရှိလား။

ဖြေ။ ။ အထူးသဖြင့် RCSS ကတော့ စကတည်းက တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်အကြောင်း အမျိုးမျိုးကြောင့် Assembly နောက်ပိုင်းမှာ သူတို့လည်း ပါဝင်နိုင်တဲ့အနေအထားကနေ ကင်းကွာသွား တာရှိပါတယ်။

ဒါပေမယ့် သူတို့ပြောပါတယ်။ ကျွန်တော်တို့ရဲ့ ရှမ်းပြည်တွင်းကိစ္စတွေကို ပိုပြီးအားစိုက်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီမှာတော့ ပါဝင်နိုင်တဲ့ အချိန်လေးတွေနဲနဲတော့ ဝေးကွာသွားပါတယ်။

ဖက်ဒရယ်တည် ဆောက်ရေးမှာ သူတို့အနေနဲ့အပြည့်အဝလုပ်ဆောင်နေပြီးတော့ ထောက်ခံနေပါတယ်ဆိုတဲ့ သဘောတော့ ရှိပါတယ်။သူတို့ကတော့ နှုတ်ထွက်ရယ်လို့တော့ ပြောတာမဟုတ်ပါဘူး။ ကင်းကွာသွားတယ်လို့ပဲ ပြော လို့ရ တာပေါ့နော်။

မွန်ပြည်သစ်ကတော့ ရှင်းရှင်းပြောရင် အဖွဲ့အစည်းအနေနဲ့ တိုက်ရိုက်ပါတာတော့ အစကတည်းက မရှိဘူး။ သူတို့က မွန်ပြည် ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC) အဖွဲ့ဆိုပြီးတော့ ဖွဲ့ထားတာ ရှိတယ်။အဲ ဒီအဖွဲ့ရဲ့ညှိနှိုင်းလုပ်ဆောင်မှုနဲ့ မွန်ပြည်သစ်ပါတီရဲ့ပါဝင်မှု အတိုင်းအတာတစ်ခုထိတော့ရှိမယ်လို့ ကျွန်တော်တို့နားလည်တယ်။

ဒါပေမယ့် မွန်ပြည်သစ်အနေနဲ့ပါတာတော့မဟုတ်ဘူး။ သူတို့က State Base အနေနဲ့သွားတာ အဲဒီလိုသဘောမျိုးနဲ့ပါတာဖြစ်သလို PNLO ဆိုရင်သူက လူမျိုး Base နဲ့ ပအို့ကော်မတီဖွဲ့ပြီး ပါတာ။ PNLO နဲ့တိုက်ရိုက်ပါတာတော့မဟုတ်ဘူး ။ သူ့အမျိုးသားရေးကိုအခြေခံတဲ့ ညှိနှိုင်းတိုင်ပင်ကော်မတီဆိုတဲ့ ပုံစံနဲ့ပါတဲ့သဘောမျိုးဖြစ်ပါတယ်။

မေး။ ။ NUCC ထဲမှာ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ပါထားတာ ဘယ်နှစ်ဖွဲ့လောက်ရှိလဲ။ မူလကျွန်တော်တို့ကြားဖူးတာက ၈ဖွဲ့လောက်ရှိတယ်လို့ ကြားဖူးပါတယ်။ပြည်သူ့ညီလာခံအပြီးမှာ ဘယ်နှစ်ဖွဲ့လောက်ရှိနေပြီလဲ။တခြား မပါတဲ့ လက်နက်ကိုင်အဖွဲ့တွေရော ဖိတ်ခေါ်ဖို့ရှိလား။

ဖြေ။ ။ ဟုတ်ပါတယ် မပါတဲ့အဖွဲ့တွေပါဖို့ဆိုတာ ရှိပါတယ်။ ဒါပေမယ့်တခါတည်းမှာပဲ ကျွန်တော်တို့ သက်ဆိုင် ရာ အဖွဲ့ တွေရဲ့ ဆန္ဒအရ ထုတ်ဖော်ပြောကြားလို့ မသင့်တော်တာလည်း ရှိတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ကတော့အဖွဲ့စည်းကြီးကို ကိုယ်စားပြုပြီးတော့ တိုက်ရိုက်ဝင်တဲ့သဘောတော့ရှိပါတယ်။

ပြောချင် တာက ဒီ Trend အပေါ်မှာ အဖွဲ့အစည်းတိုင်းကတော့ အကြောင်းအမျိုးမျိုးကြောင့်ကိုယ်တိုင် မပါဝင်ပေ မယ့်လည်းတမျိုးမျိုးနဲ့ ပါဝင်နေကြတဲ့ဟာတွေ ရှိသလို တဖက်မှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းအရ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေအရ ချက်ချင်းတက်တက်ကြွကြွပါဝင်ဖို့ဆိုတာတက် အချိန်လေးတစ်ခု ယူတဲ့ သဘောတွေလည်းရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ကတော့ အဖွဲ့နည်းခြင်း များခြင်း ဆိုတာထက် NUCC ရဲ့ Function ဖြစ်တဲ့ကိစ္စနဲ့ တကယ်ကို တော်လှန်ရေးကိစ္စတစ်ခုလုံးကို Drive လုပ်သွားနိုင်တဲ့ အခင်းအကျင်းကိုပဲ ပိုပြီးတော့ ဇောင်းပေးပြီးကြည့်သင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။

မေး။ ။ NUCC အနေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးဒီထဲမှာလာချိတ်ဆက်ပြီးတော့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ ပါနိုင်တဲ့လမ်းကိုအမြဲတမ်းဖွင့်ထားတာရှိလား။

ဖြေ။ ။အမြဲတမ်းဖွင့်ထားတယ်။ဒါပေမယ့် ကျွန်တော်တို့လက်ခံထားတာက သမိုင်းအတွေ့အကြုံအရ NUCCထဲမှာ ပါမှ တော်လှန်ရေးလုပ်တာမဟုတ်ပါဘူး။ ဒါပေမယ့် NUCC ထဲမှာပါရင်တော့ ပိုပြီးတော့ ညှိနှိုင်းလုပ်ကိုင်ရတာ လွယ်ကူမယ် ပိုပြီးတော့ စုစည်းမှုအားကောင်းမယ်ဆိုတာတော့ရှိပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ရဲ့မတူညီတဲ့ သမိုင်းကြောင်းတွေနဲ့ မတူညီတဲ့ Geography တွေပေါ်မှာမူတည်ပြီးရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူတဲ့အခါကြတော့ မျက်နှာပြပြီး ပါနိုင်တဲ့အနေအထားမရှိပေမယ့် တချို့က မျက်နှာမပြဘဲ ပါနေတာ ရှိတယ်။

ဒါပေမယ့် တချို့ကလည်း စောင့်ကြည့်နေတဲ့သဘောမျိုးရှိတယ်။ဒါပေမယ့် အကုန်လုံးကို informally ကတော့ လက်ခံထားတယ်။ ဒါမျိုးသွားတာအကောင်းဆုံးပဲလို့လက်ခံထားတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ပြည်သူ လူထုနဲ့ မီဒီယာတွေသုံးသပ်တဲ့အခါမှာ အဖွဲ့အစည်းတစ်ခုကို ပေါင်းလိုက်တာနဲ့ ညီညွှတ်သွားပြီးလို့ ယူဆတာထက် ဒီအဖွဲ့အစည်းနဲ့တော်လှန်ရေးတစ်ခုလုံး ညှိနှိုင်းလုပ်ဆောင် Coordination နဲ့ Cooperation ကနေပြီးတော့ ပိုပြီး Function ဖြစ်အောင် ပိုပြီး Drive လုပ်တဲ့နေရာမှာ စည်းဝါးကျကျလုပ်ဆောင်မှုနဲ့လည်း နှိုင်းယှဉ်ကြည့်သင့်ပါတယ်လို့ ကျွန်တော်အကြံပြုတာပါ။

ဆိုလိုချင်တာက အဖွဲ့အစည်းတစ်ခုကို reliable လုပ်တာထက် ကိုယ်တိုင်လည်း Build up လုပ်ပြီးတော့ဒီတော် လှန်ရေး ရေစီးကြောင်းထဲမှာ ပါဝင်လိုက်ပါ နိုင်ပြီးတော့ အကြံပေးနိုင်တယ်ထောက်ပြနိုင်တယ်ဆိုတဲ့ ပုံစံကအစ ကိုယ် တိုင်ပါဝင်နိုင်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ အတူတကွပါဝင်နိုင်မှသာ ပိုပြီးတော့မြန်ဆန်မယ်ဆိုတာကို မြင်ပါတယ်။

မေး။ ။ ပြည်သူ့ညီလာခံဒုတိယအကြိမ်က ၆လအကြာဆိုတော့ ဘယ်တော့လောက်များ ပြန်ခေါ်နိုင်မလဲခင်ဗျ။

ဖြေ။ ။ အဲဒါနဲ့ပတ်သက်လို့ စပြီးဆွေးနွေးနေကြပါပြီ။ဒါပေမယ့် မပြတ်သေးတဲ့ ကိစ္စလေးတွေလည်း ရှင်းထုတ်ရမှာ ရှိတယ်။ အဲဒီညီလာခံကို ပို့ရမယ့် ကိစ္စတွေလည်းရှိတာပေါ့နော်။

အဲဒီတော့ သတ်မှတ်ချက်တစ်ခုအရတော့ ကျွန်တော်တို့သွားကြရမှာပဲ ဒါပေမယ့် ဒီကြားထဲမှာ အစပျိုးကာလတစ်ခုဖြစ်တော့ဖြေရှင်းရမယ့် ကိစ္စတွေ ပေါ်လစီ ပိုင်းဆိုင်ရာတွေလည်း ချိန်ညှိရတာတွေ အများကြီးရှိတဲ့အခါကြတော့ အချိန် လေးနည်နည်း လွန်ကောင်း လွန်နိုင်မယ် ဒါပေမယ့် ဖြစ်လာပါလိမ့်မယ်။

မေး။ ။ NUCC ရဲ့ တကယ့် ရည်မှန်းချက်ပန်းတိုင်ကြီးဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး ပထမညီလာခံ ပြီးသွားပြီ ဒုတိယညီလာခံလာတော့မယ်ဆိုတော့ နိုင်ငံရေးအရဒီလမ်းကြောင်းမှာ ဘယ်လောက်ထိမြန်မြန် သွား နေလဲ။ အရင်ခေတ်က သမိုင်းအတွေ့အကြုံအရ ကြုံခဲ့ရတဲ့ အကွဲအပြဲတွေ အဖုအထစ်တွေနဲ့စာရင် အခု NUCC သွားနေတဲ့လမ်းကြောင်းမှာ ဘယ်လိုမြင်ရလဲ။

ဖြေ။ ။ အရင်ခေတ်တုန်းက ကိုယ်တိုင်တော့မပါခဲ့ရဘူး အဲဒီတုန်းကမှီခဲ့တဲ့ အနေအထားနဲ့ခေါင်းဆောင်တွေရဲ့ မှတ် တမ်းတွေအရ ပုံစံချင်းက ကွဲပါတယ်။

အရင်တုန်းကပါဝင်တဲ့ပုံစံက ၈၈ ကထွက်လာတဲ့ခေါင်းဆောင်တွေနဲ့ NLD (LA)လို့ခေါ်တဲ့ ခေါင်းဆောင်တွေ ရဲ့ ကြားထဲမှာလုပ်ဆောင်မှုက နောက်ဆုံးအဝေး ရောက်အစိုးရပုံစံမျိုး တော့ ဖြစ်သွားတာပေါ့။ အခုကတော့ အများကြီးလက်တွေ့ကျတယ်။

နောက်ပြီးတော့ ပြည်တွင်းမှာပဲ ဦးဆောင်မှုနေတဲ့ NUGရဲ့ခေါင်းဆောင်တွေ ဆက်ပြီးရှိနေသလို တကယ်ပြည်တွင်းမှာလည်း မြို့တွေမှာလည်း ဆက်ပြီးတော့ တိုက်ပွဲဝင်နေကြတဲ့ PDFတွေလည်းရှိတယ်ဆိုတော့ အလုပ်ဖြစ်နိုင်တဲ့ ပုံစံမျိုးနဲ့ ညှိနှိုင်းလုပ်ဆောင် နိုင်တဲ့ ဖက်ဒရယ်နဲ့ဒီမိုကရေစီအခြေခံတွေကနေ စုပေါင်းခေါင်း ဆောင်မှု ပုံစံနဲ့သွားဖို့ ရည်ရွယ်တဲ့ပုံစံနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့်လည်း ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။ အနှေးနဲ့အမြန် ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပါ။

မေး။ ။ အခုနောက်ဆုံးစစ်အာဏာရှင်တော်လှန်ရေး တစ်နှစ်ခွဲနီးပါးဖြစ်လာပြီးပေါ့နော် ကျွန်တော်တို့လျှောက်ခဲ့တဲ့ ခရီးလမ်းက ဘယ်လောက်ထိ တွင်ကျယ်နေပြီလဲ၊ ဘယ်လောက်ထိအောင်မြင်မှုရနေပြီလဲဆိုတာ ဘယ်လိုသုံးသပ်လို့မလဲခင်ဗျ။

ဖြေ။ ။ တစ်နှစ်ခွဲဆိုပေမယ့် ကျွန်တော်တို့မြင်ရတာက ပြည်သူလူထုတွေရဲ့ပါဝင်မှု စိတ်အားထက်သန်မှုနဲ့ ပေးဆပ်မှု ကတကယ်ကြီးမားပါတယ်။ အဲဒီတချက်က ၈၈နဲ့နှိုင်းယှဉ်လို့မရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒုတိယတခုကတော့ သံတမန်ရေးရာမှာအောင်မြင်မှုတွေက လွန်ခဲ့တဲ့ကာလတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်အများကြီး မြန်မြန်ဆန်ဆန်နဲ့ သွက်သွက်လက်လက်ဖြစ်သွားတယ်။

SAC ရဲ့ သံတမန်ရေးရာမှာရော စစ်ရေးအရကြည့်ဆိုရင်လည်း လေတပ်မပါရင် ဘာမှမလုပ်နိုင်တဲ့ပုံစံတွေအထိဖြစ်လာတာပေါ့။ ပြောချင်တာကအခြေအနေကတော့ အများကြီးကောင်းတယ်။ အနှေးနဲ့အမြန်အောင်မြင်မှုရမယ်ဆိုတာကိုတော့ ပြောရဲပါတယ်။

မေး။ ။ တော်လှန်ရေးနည်းနည်းကြာလာတာအခါကြတော့ တော်လှန်ရေးကဘယ်တော့ပြီးမလဲ ဘယ်လောက်ထိ ခါးစည်းခံရမလဲဆိုပြီးတော့ စိတ်ပူပန်တာတွေလည်းရှိနေတော့ အဲဒီလိုပြည်သူတွေအပေါ်မှာဘယ်လို သတင်း စကားပါးချင်လဲ ခင်ဗျ။

ဖြေ။ ။ ပြည်သူတွေနဲ့အတူ တော်လှန်ရေးမှာပုံစံအမျိုးမျိုးနဲ့ပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန် ရေးမှာ ကိုယ်တိုင်မပါဝင်နိုင်ပေမယ့် ပုံစံအမျိုးမျိုးနဲ့ထောက်ပံ့ပြီး ပါဝင်နေကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေ အကုန်လုံးကို ကျွန်တော်ပြောလိုတာကတော့ တော်လှန်ရေးဆိုတာတော်လှန်ရေးပါပဲပေးဆပ်မှုနဲ့သွားကြရတာ။

တဖက်မှာလည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေးက မူဝါဒကိုအခြေခံပြီးတော့ နိုင်ငံရေးဦးဆောင်မှုနဲ့သွားတဲ့ တစ်ရပ်ဖြစ်ဖို့တော့လိုပါတယ်။အဲဒီတော့ NUCCရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်အာဏာရှင်မဆိုကျွန်တော်တို့ ဖြိုဖျက်ဖို့ ပယ်ဖျက်ဖို့ဆိုတဲ့ တစ်ခုရယ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ထူထောင်မယ်ဆိုတာက ဒီနေ့ဒီကာလက ပြည်တွင်းပြည်ပ အကုန်လုံး ပေါင်းစည်းသွားနိုင်တယ်ဆိုတဲ့ စုစည်း မှုတစ်ခုဖြစ်လာပါတယ်။

ဒီနိုင်ငံရဲ့ အပြောင်းအလဲက အတူတကွအနာဂတ်ကောင်းတခုကိုပြန်သွားဖို့ လိုပါတယ်။အနာဂတ်ကောင်းတခုကိုပြန်သွားဖို့ဆိုရင် လမ်းခင်းသွားဖို့လိုပါတယ် ဒီလမ်းခင်းမှုမှာပါဝင်တဲ့ ဒီနေ့တော်လှန်ရေးမှာပါဝင်တဲ့ ခေါင်းဆောင်တွေ ပြည်သူတွေအကုန်လုံးကို ဝမ်းသာဂုဏ်ယူတယ် ဒါပေမယ့် တခါတည်းမှာပဲ ကျွန်တော်တို့ရဲ ပေးဆပ်မှုဟာ အဟောသိကံ မဖြစ်စေရအောင် နိုင်ငံရေးအရခိုင်မာမှု လိုပါတယ်။

Emotional နဲ့တော်လှန်ရေးလုပ်လိုမရပါဘူး အဲဒါကြောင့် နိုင်ငံရေးအရခိုင်မာတဲ့ နိုင်ရေး ဦးဆောင်မှုကို ခံယူဖို့ လိုပါတယ်။ ဒီနိုင်ငံရေးဦးဆောင်မှုကလည်းဒီနိုင်ငံကို ဘယ်တော့မှ ၂၀၀၈ ဘောင်ထဲ ကိုပြန်မသွားတော့ဘဲနဲ့ ၂၀၀၈ ကိုကျော်လွန်ပြီးတော့ အခြေခံဥပဒေအသစ်နဲ့ တည်ဆောက်နိုင်မယ့် နိုင်ငံသစ်ကို သွားကြဖို့လိုမယ်ဆိုတဲ့ဟာကိုတော့ ခိုင်ခိုင်ခံ့ခံ့ သိန္နိဌာန်ချဖို့လိုပါတယ်။

သိန္နိဌာန်ကို ခိုင်ခိုင်မာမာချပြီးရင်တော့ တော်လှန်ရေးမှာပါဝင်ဖို့ ပိုပြီးတော့ အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။ဒါကြောင့် တော်လှန်ရေးကြီး တစ်နှစ်ခွဲ ရောက် တော့ခြောက်လတာပိုပြီးတော့ ဒုက္ခခံလာရတဲ့ဟာတွေက တချိန်တုန်းက နှစ်ပေါင်းများစွာ ပေးဆပ်လာခဲ့တဲ့ဟာ တွေနဲ့ကြည့်ရင်တော့ မတူကြဘူးပေါ့။

ဒါပေမယ့်ဒီအချိန်မာတော့ ဘုံရည်မှန်းချက်ကိုချလိုက် နိုင်ပြီဖြစ် တဲ့အတွက် ဒီဘုံရည်မှန်းချက်ကို မရောက်ရောက်အောင်သွားနိုင်မှသာလျှင် စစ်အာဏာရှင်စနစ် တဝဲလည်လည်နဲ့ အာဏာ သိမ်းတဲ့ သံသရာထဲကနေ ရုန်းထွက်နိုင်ပြီးတော့ ကျွန်တော်တို့ မျိုးဆက်သစ်တွေကလည်း တောက်ပတဲ့ အနာဂတ်အတွက် အာမခံချက်ကို ချန်ထားပေးနိုင်မှာဖြစ်တယ်။

ဒါကြောင့် ရဲရဲရင့်ရင့်နဲ့တက်တက်ကြွကြွ ဆက်ပြီးတော့ ထောက်ခံကြပါ။ ပါဝင်ကြပါ။ နိုင်ငံရေးဦးဆောင်မှုကနေ သွားကြပါ သက်ဆိုင်ရာအဆင့်ဆင့်သော ခေါင်းဆောင်များရဲ့ လမ်းညွှန်မှုနဲ့ သက်ဆိုင်ရာစည်းမျည်းစည်းကမ်းတွေကို အခြေခံပြီးတော့ လိုက်နာကြပါ ဆိုတဲ့ ပုံစံနဲ့ညီညွှတ်မှုကို တည်ဆောက်သွားဖို့ လိုပါတယ်လို့ အကြံပြုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article