နတ်မောက်နှင့် မုံရွာ မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်း၊ ယာဉ်တန်းနှင့် ဂိတ်စခန်း ၃ ခုကိုလည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကို မီးရှို့ပြီး ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကုလားရှင် ကျေးရွာ တောင်ဘက်အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မနေ့က နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းကို မိုင်းဆွဲခဲ့တာက ၈ ယောက်သေတယ်။ ကုလားရှင်ကျေးရွာရဲ့တောင်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီ စစ်ခွေး စစ်ကြောင်းက မြို့သစ်မြို့နယ်၊ ပုလင်းကျေးရွာကို ရောက်ပြီး မီးထပ်ရှို့ခဲ့ပါတယ်။ နေအိမ် ၄ လုံး ပါ။ နတ်မောက် ကုလားရှင်ရွာမှာက နေအိမ် ၂ လုံးပါ” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်ကလည်း ပျော်ဘွယ်မြို့နယ်ဘက်မှ နတ်မောက်မြို့နယ်ဘက်သို့ ၁၀ ဘီးကား ၆ စီးဖြင့် စစ်အင်အားဖြည့်တင်းရန် ထွက်လာသော စစ်ယာဉ်တန်း ကို နတ်မောက်မြို့နယ်၊ နဘူးကွဲကျေးရွာအနီးအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒီနေ့ မိုင်းဆွဲတာက ထိခိုက်သေဆုံးမှု မသိရသေးဘူး။ စခကား ၂ စီးတော့ နေရာမှာတင် ထိုးရပ်သွား တယ်။ အခုထိ မိုင်းဆွဲတဲ့နေရာနားမှာပဲ ရှိသေးတယ်၊ စိုင်ကောင်းရဲစခန်း စခတွေ ရောက်နေကြပြီ။” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ဆက်လက်ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ အထိုင်ချ တပ်စွဲထားသော စခန်း ၃ နေရာကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း Sun King Envoy(Monywa) LPDF ခေါင်းဆောင် ဗိုလ်နေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၉ နာရီခန့်တွင် မုံရွာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော စွမ်းရည်ထက်ဂိတ်၊ မအူဂိတ် နှင့် သာစည်ထောင်ဂိတ် စခန်းတို့ကို မုံရွာခရိုင် တပ်ရင်း ၂၂ နှင့် မုံရွာခရိုင်တပ်ရင်း ၁၁ တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေး အသေမရှိဘူးလို့ သိရပါတယ်။ မအူခွေးဂိတ်က ၃ ကောင်တော့ ဒဏ်ရာပြင်းထန် ရသွားတယ်လို့ သိရပါတယ်။ ၃ နေရာပေါင်း ခွေးအင်အားက ၁၂၀ ဝန်းကျင်လောက် ရှိပါတယ်။မိဘပြည်သူတွေနဲ့ အားတင်းပြီး တလရမှာ အားသွန်ခွန်စိုက် ကြိုးစားပေးကြဖို့ ပြောချင်ပါတယ်”ဟုSun King Envoy(Monywa) lpdf မှ ခေါင်းဆောင် ဗိုလ်နေက ပြောဆိုသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မအူဂိတ်မှ ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သားများကို ညတွင်းချင်း မုံရွာမြို့တွင်းမှ အိမ်စီးကား ၃ စီးဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသန်း ပစ်ခတ်ခဲ့ သော်လည်း တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force-Monywa နှင့်အတူ Sun King၊ မုံရွာခရိုင် တပ်ရင်း(27)၊ Black Flacon၊ Brother Revolution Force-Monywa၊ နယ်စီးမခြား လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(23)၊တပ်ခွဲ(3)၊ ခွေးသတ်မုဆိုး၊ မုံရွာခရိုင် တပ်ရင်း(1)၊တပ်ခွဲ(1)၊ ဇာမဏီအဖွဲ့၊ Hero Brother Monywa၊ ယင်းမာပင်ခရိုင် တပ်ရင်း(30)၊တပ်ခွဲ ၂၊ Fire Dragonတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
