ပဲခူးနှင့် မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို AA တိုက်ခိုက်နေပြီး ကာကင်းစခန်းတချို့ကို သိမ်းပိုက်ထား
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာအနီးက စစ်ကောင်စီတပ်စခန်းနှင့် မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမှာရှိသည့် နတ်ရေကန်ဗျူဟာ စစ်ကောင်စီတပ်စခန်းတို့ကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
ညောင်ကျိုးကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ တစ်ပတ်ခန့် ရှိလာနေပြီး နတ်ရေကန်ဗျူဟာ တပ်စခန်းသိမ်းတိုက်ပွဲမှာလည်း ပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
“တိုက်ပွဲကတော့ နှစ်နေရာစလုံးမှာ ပြင်းပြင်းထန်ထန်ပဲ။ စစ်ကောင်စီဘက်ကတော့ အကျအဆုံး များတယ်လို့ သိရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကူဖြည့်ပေးတာကိုတော့ စစ်ကောင်စီက တောက်လျှောက်လုပ်ပေးနေတာပေါ့လေ။ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကလည်း အသားကုန်ဆော်နေကြတာ” ဟု ပြောသည်။
စစ်ကောင်စီ၏ ညောင်ကျိုးတပ်စခန်းမှာ ညောင်ခြေထောက် ကပစ (၆) နှင့် ၁၀ မိုင်အကွာတွင် ရှိနေပြီး ကပစ (၆) က အင် အားဖြည့်တင်းပေးနေကြောင်း၊ ရန်ကုန်ခေတ်သစ်၏ စုံစမ်းချက်အရ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။
နတ်ရေကန် ကြောင်းရန်ကာကွယ်ရေးတပ်က ဆုတ်ခွာလာသည့် စစ်ကောင်စီ ယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ချင်းကာကွယ်ရေးတပ် – အရှို CDF-Asho က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
AA ပူးပေါင်းတပ်ဖွဲ့က ပဲခူးတိုင်း ညောင်ကျိုးတပ်စခန်းကို သိမ်းပိုက်နိုင်ပါလျှင် သံရည်ဖျော်စက်ရုံဖြစ်သည့် စစ်ကောင်စီ၏ ကပစ (၆) ကို ဦးတည်တိုက်ခိုက်လာနိုင်ကြောင်းနှင့် မကွေးတိုင်းက နတ်ရေကန်စခန်းကို သိမ်းပိုက်နိုင်လျှင်လည်း ပုသိမ်-မုံရွာလမ်းကို စိုးမိုးနိုင်သလို ငဖဲမြို့နယ်ကို ချီတက်လာနိုင်ကြောင်းလည်း သုံးသပ်သူများက ပြောဆိုထားကြသည်။
အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်းက စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေသလို ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်းအနီးက တပ်စခန်းအချို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
