ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် ရဲကား ၊ အိမ်စီးကား တို့ဖြင့် ကင်းပတ်ရန်ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို နွားထိုးကြီး PDF က ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
ရန်ကုန်၊ မတ် ၁၉
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် ရဲကား ၊ အိမ်စီးကား တို့ဖြင့် ကင်းပတ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရဲကား ၁ စီး၊ အိမ်စီးကား ၂ စီးဖြင့် ကင်းပတ်ရန် ထွက်လာစဉ် နွားထိုးကြီး PDF နှင့် မဟာမိတ် တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မိုင်တိုင် ၃၁၉ မှာ ကင်းပတ်တဲ့ကားပေါ့။ အမြန်လမ်းကို ကင်းပတ်တဲ့ ကားကို ပစ်တာပါ။ အိမ်စီးကား ၂ စီးနဲ့ ရဲကား ၁ စီးကို ပစ်တာ ထိခိုက်သေဆုံးမှုတော့ သူတို့ဘက်ကရှိပေမယ့် သတင်တော့ လိမ်ထားတယ်။ ကျနော်တို့ ကြားတဲ့ သတင်းကတော့ မျက်မြင်တွေ ပြေတာတော့ ၅ ယောက်ကို သွေးထွက်သံယိုတွေနဲ့ လဲနေတာမျိုး တွေ့တယ်လို့ ပြောတယ်။ ၅ ယောက်သေတယ်ဆိုတာ သေချာပါတယ်။ သူတို့ဘက်က ထပ်ပြီးတော့ ထိခိုက်သေဆုံးမှုတွေရှိနိုင်သေးတယ်” ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း (နွားထိုးကြီး PDF) နှင့် မဟာမိတ်ဖြစ်သော မြစ်သားမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
