KNU ထိန်းချုပ်နယ်မြေများသို့ စစ်တပ်က တစ်ပတ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ဦးကျော်သေဆုံးပြီး ပြည်သူ ၅၀၀၀၀ ကျော် တိမ်းရှောင်ရ
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေများသို့ စစ်တပ်က တစ်ပတ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ရဟန်း သံဃာများ အပါအဝင် အရပ်သား ပြည်သူ ၂၀ ကျော်သေဆုံးပြီး ပြည်သူ ၅၀၀၀၀ ကျော် တိမ်း ရှောင်ရကြောင်း မွန်နှင့်ကရင် ပြည် နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရှိရသည်။
ဧပြီလ ၁၄ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့ အထိ KNU ထိန်းချုပ်နယ်မြေများဖြစ်သော ဘီးလင်း၊ သထုံ၊ ဘားအံ၊ဖာပွန် ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသများသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ရဟန်း၊ သံဃာများ အပါအဝင် ပြည်သူ ၂၀ ဦးခန့်သေဆုံးပြီး ၃၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ ၅၀၀၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်ရန်အတွက် နေရပ်စွန့်ခွာ ထွက် ပြေးရကြောင်း သိရှိရသည်။
” ဧပြီလ ၁၄ ရက်နေ့ စစ်တပ်က ကျုံဒိုးမြို့၊ ကမ်းနီဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကျဲရာကနေ ဧပြီလ ၂၁ ရက် နေ့ အထိ ဘီးလင်း၊ မင်းစောရွာဘုန်းကြီးကျောင်းဗုံးကျဲခဲ့တယ်။ ဖာပွန်၊ ကတိုင်တိ၊ ဘားအံ၊ တဂေးလောင်ရွာ၊ ကော့ကရိတ်အင်းကြီး၊မိဂလုံ၊နွားခြံကုန်း စတဲ့ ရွာပေါင်း ၂၀ ကျော်ကိုလည်း လေယာဉ်နဲ့ ဗုံးကျဲတယ်။ သေဆုံးမှုက ဘုန်းကြီးရော၊ လူရော၊ ကလေးတွေ၊ ကိုရင်တွေပါ အပါဆိုရင် သေတာ၂၀ ဦးကျော်ပြီ။ ဒဏ်ရာရတာ က ၃၀ ကျော်ရှိပြီ၊ စာရင်း မသိရသေးတာတွေလည်းရှိသေးတယ်။ KNU တပ်မဟာ ၁၊ တပ်မဟာ ၅ ၊ တပ်မဟာ ၆၊ တပ်မဟာ ၇ နယ်မြေတွေမှာ လေယာဉ်နဲ့ ဗုံးကျဲတာ၊ တိုက်ပွဲဖြစ်တာကြောင့် စစ်ဘေးရှောင်အားလုံးပေါင်း ပြည်သူ ၅၀၀၀၀ ကျော်ရှိနေပြီ။ ဗုံးဆက်ကျဲနေရင် စစ်ရှောင်တွေ ဆက်များလာဖို့ပဲ ရှိတယ်” ဟု KNU နယ် မြေအတွင်းစစ်ဘေးရှောင်ကူညီနေသည့် ကွန်ရက်အဖွဲ့တစ်ခုက ပြောဆိုသည်။
ဧပြီလ ၂၁ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၆ နာရီအထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ၊ အရှေ့ဘက်ကမ်း ကျေးရွာများ၊ တောင်ကြာအင်း၊ ကြာအင်းဆိပ်ကြီးလမ်းပိုင်းရှိ ကျေးရွာများပေါ်သို့ လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ နာရီ ခန့် ဆက်တိုက်လုပ် ဆောင် ခဲ့ကြောင်း၊ လူထိခိုက်သေဆုံးမှုများရှိကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
” ညပိုင်း ဒရုန်းကင်းထောက် ၊ဂျက်လေယာဉ်ကင်းထောက်တွေ ပျံတယ်၊ ဖုန်းလိုင်းတွေမရဘူး၊ မနက် ၃နာရီခွဲလောက်မှာ Y-12 လေယာဉ်သံကြားပြီး ဗုံးတွေ ကျဲတာနဲ့ ပေါက်ကွဲသံတွေကြားနေရတယ်။ အဓိကတော့ ကရင်အဖွဲ့ ၊ မွန်အဖွဲ့ ၊ PDF အဖွဲ့ ရှိနေတဲ့နေရာတွေ၊ ရွာ တွေဆိုပြီးကျဲနေတာ၊ အခုသိရသလောက် တောင်ကမ္မရိုက်၊မြောက်ကမ္မရိုက်၊ သမိန်ဒွတ်၊ဝင်းက ဘက်တွေကိုလည်း ဗုံးတွေကျတယ်။ အထိအခိုက်နဲ့ အပျက်အစီးကိုသိဖို့ နဲ့ ရွာသားတွေကယ်ထုတ်ဖို့က မိုးကြီး ရွာထားတာ ရွာလမ်းတွေပျက်နေတော့လောလောဆယ်မသိရသေးဘူး၊ထိခိုက် တာတွေတော့ရှိနေတယ်” ဟု KNU စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ KNU တပ်မဟာနယ်မြေများတွင် စစ်ကောင်စီလက်လွှတ်ဆုံးရှုံးထားရသည့် စစ်စခန်းများအားပြန်လည်သိမ်းပိုက်ရန် လေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
” အခုတက်နေတာ က Y12က မော်လမြိုင်က ၊ဂျက်ဖိုက်တာတွေက တောင်ငူလေတပ်ကတက်လာနေတာ။ စစ် ဆင် ရေးတပ်တွေ မြေပြင်မှာ ပြုန်းတီးကုန်ပြီဆိုတော့လေယာဉ်နဲ့ ဗုံးကျဲ၊ မြေပြင်သိမ်းပုံစံပေါ့ ၊လိုအပ်ရင်ဘားအံတောင်ကလေးလေယာဉ်ကွင်းကို စစ်သုံးလေ ကြောင်းထောက်ပို့ကွင်းသုံးမယ့်အစီအစဉ်လည်းရှိနေတယ်” ဟု ဘားအံအခြေစိုက် ကရင်ပြည်နယ်စစ်ကောင်စီနှင့်နီး စပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။


