26 C
Yangon

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုမရှိတော့ဘဲ AA လက်အောက်ကျရောက်သွားပြီဖြစ်၍ AA နှင့်မဆက်ဆံဘဲ နေမရတော့ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နိုင်ငံခြားရေးအကြံပေးပြောဆို

Must read

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုမရှိတော့ဘဲ AA လက်အောက်ကျရောက်သွားပြီဖြစ်၍ AA နှင့်မဆက်ဆံဘဲ နေမရတော့ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နိုင်ငံခြားရေးအကြံပေးပြောဆို

ရန်ကုန်၊ ဧပြီ ၂၉

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ကောင်စီ၏ ထိန်းချုပ်မှုမရှိတော့ဘဲ AA လက်အောက်ကျရောက်သွားပြီဖြစ်၍ ဘင်္ဂလားဒေ့ရှ်က AA နှင့်မဆက်ဆံဘဲ နေမရတော့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ နိုင်ငံခြားရေးအကြံပေး Md. Towhid Hossain ကပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒါကာမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ နယ်စပ်တခုလုံးကို AA က ထိန်းချုပ်ထားပါပြီ။ စစ်ကောင်စီအနေနဲ့ ဘာမှ မထိန်းချုပ်နိုင်တော့ဘူး။ ကျနော်တို့အနေနဲ့ AA ကို မဆက်ဆံဘဲ နေလို့မရတော့ပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ လိုအပ်သလောက် ဆက်ဆံရေးကို လုပ်ဆောင်သွားရပါလိမ့်မယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး Md. Towhid Hossain ကပြောဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ စစ်ဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တည်ဆောက်ရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက သဘောတူညီခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ကုလသမဂ္ဂက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်တစ်ခု ဖန်တီးလိုပါတယ်။ အသွင်ကူးပြောင်းရေးကာလ အစိုးရကလည်း အခြေအနေတွေအရ ဒါကို မူအရ သဘောတူထားပါတယ်” ဟု နိုင်ငံခြားရေး အကြံပေး Md. Towhid Hossain က မြို့တော် ဒါကာတွင် သတင်းထောက်များအား ပြောကြားသည်။

“ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အခြေအနေအချို့တော့ ရှိတယ်။ အသေးစိတ်တော့ ကျွန်တော် မပြောပါဘူး။ အခြေအနေတွေ ပြည့်မီခဲ့ရင်တော့ ကျွန်တော်တို့ သေချာပေါက် ကူညီမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပဋိပက္ခသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ချိတ်ဆက်နေကြောင်း၊ မြန်မာနိုင်ငံမှ ဒုက္ခသည်အများအပြားက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းခိုလှုံနေပြီး ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆော်ငလိုကြောင်း၊ ထို့ကြောင့် ဒုက္ခသည်များ အိမ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်အနေဖြင့် လိုအပ်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၇ ခုနှစ် သြဂုတ်လ စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးသွားခဲ့သော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၃ သန်းကျော်ကို လက်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article