စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ငူလေတပ် တို့ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး အဆာက်အဦများ မီးလောင်ပျက်စီးဟုဆို
ရန်ကုန်၊ မေ ၄
ပဲခူးတိုင်း၊ တောငူခရိုင်ရှိ အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ငူလေတပ် တို့ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ လေတပ်ရဲမေနှင့် လေတပ်အရာရှိများ အပါအဝင် ၁၁ ဦးသေဆုံးပြီး အဆာက်အဦးများ မီးလောင်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောဆိုသည်။
ဧပြီလ ၃ဝ ရက်နေ့တွင် BWM အဖွဲ့ နှင့် မဟာမိတ်အဖွဲ့များဖြစ်သော MKCDF၊ ACPLF နှင့် သံတောင် မြောက်ပိုင်းအထူးဒေသအဖွဲ့တို့က တောင်ငူရှိ အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) နှင့် တောင်ငူ (ကေတုမတီ) လေတပ် စခန်းတို့ကို BWM Mission 35 နှင့် 36 အဖြစ် ရှော့တိုက်ဒုံး ၁၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) တိုင်းရုံးစစ်ဦးဌာနရှိသော အဆောက်အဦးဘက်အခြမ်း ထိခိုက်ပျက်စီးခဲ့ပြီး တိုင်းငွေစာရင်းရုံးည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် စခန်းရုံး နေရာအချို့လည်း ထိခိုက်ပျက်စီးခဲ့ကာ လေတပ်အရာခံ ဗိုလ်နှင့် တပ်ကြပ်ကြီး လိုင်းခန်းနေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ပြီး အရာရှိ လိုင်းခန်း နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှု အတွင်း လေတပ်ရဲမေ ၂ ဦး အပါအဝင် လေတပ်အရာရှိ ၃ ဦး နှင့် အခြားအဆင့်စစ်သည် ၈ ဦး သေဆုံးကာ အရာရှိ ၅ ဦးနှင့် အခြားအဆင့်စစ်သည် ၁၂ ဦးစိုးရိမ်ဖွယ် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ လေတပ်သုံး မော်တော်ယာဉ် ၂ စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
တောင်ငူလေတပ်အတွင်းတွင်လည်း လေယာဉ်သိုလှောင်ရုံ အဆောက်အဦး အပါအဝင် အဆောက်အဦး ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီ လေတပ်အရာရှိနှင့် စစ်သည် အချို့ သေဆုံးမှုများနှင့် ပြင်းထန် ဒဏ်ရာရသူအချို့ရှိကြောင်း၊ တောင်ငူလေတပ် ထိခိုက်မှု အခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းဖုံးဖိမှုများနှင့် တားမြစ်ကန့်သတ်မှုများစွာရှိနေသည့်အတွက် ထိခိုက်သေဆုံးမှု ကိန်းဂဏန်းအချက်အလက်ကို အတိအကျ ဖော်ပြ၍မရနိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
“တောင်ငူလေတပ်ထိခိုက်မှုကို တိတိကျကျစုံစမ်းလို့မရပေမယ့် အထိနာတယ်လို့သိရပါတယ်။ အခုထိလေယဉ်မတက်နိုင်သေးဘူးလို့လည်းသိးပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်း ပြောဆိုသည်။
