မြိုင်နှင့် ပခုက္ကူ မြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦးများ ထိခိုက်ပျက်စီး
မကွေးတိုင်း၊ မြိုင်မြို့နယ် နှင့် ပခုက္ကူမြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၅ ရက်နေ့ ည ၈ နာရီခန့်တွင် မြိုင်မြို့နယ်နှင့် ပခုက္ကူ မြို့နယ်ရှိ ဇောင်ဂျမ်းကုန်းရွာနှင့် ရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း လူထိခိုက် သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အဆောက်အဦးများ ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရှိရသည်။
“လူထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးပါဘူး။ အဆောက်အဦးတွေတာ့ ထိခိုက်ပျက်စီးမှုရှိပါတယ်။ မနေ့က ညပိုင်း လေယာဉ်နဲ့ ဗုံးကျဲသွားတာပါ။ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို သတိမပြတ်ကြဖို့ လိုပါတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


