အင်္ဂပူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များ မီးလောင်ပျက်စီး၊ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးနေရ
ရန်ကုန်၊ မေ ၁၇
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များ မီးလောင်ပျက်စီးပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အင်္ဂပူမြို့နယ်၊ ခြင်ကိုက်ကွင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ၃၁ သစ်စက်အနီးရှိ ရွှေညာမြေကွမ်းယာဆိုင်ကို ဗုံး ၁ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ပြီးကွမ်းယာဆိုင် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကွင်းကောက် တတက ၅ မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးများသည် ဘယ်ပြားကုန်းရွာ ၊ စာစီကုန်းကွင်းရွာနှင့် ခြင်ကိုက်ကွင်းကျေးရွာများကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မေလ ၁၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် လေယာဉ် ၂ စီးဖြင့် ဝါးတောကွင်းရွာ၊ ကြက်ပေါင်ကုန်းရွာ ၊ သံပုရာကုန်းရွာ တို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့တော့ သိရပေမယ့် မြေပြင် အခြေအနေကို အတည်မပြုနိုင်သေးဘူး။ စစ်တပ်က ကျေးရွာတွေကို ဦးတည်ပြီး ဆက်တိုက် လေကြောင်း တိုက်ခိုက်နေတော့ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်။ အဲတာကြောင့် မြေပြင် အခြေအနေကို အတည်ပြုဖို့ ခက်ခဲနေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် လက်ရှိချိန်တွင် ဘယ်ပြားကုန်းရွာ ၊ စာစီကုန်းကွင်းရွာ ၊ ခြင်ကိုက်ကွင်းရွာ ၊ ဝါးတောကွင်းရွာ၊ ကြက်ပေါင်ကုန်းရွာနှင့် သံပုရာကုန်းရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများလည်း ထွက်ပြေးနေကြကြောင်း သိရသည်။
