30.5 C
Yangon

ဒီပဲယင်းစာသင်ကျောင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲခံရမှု မျက်မြင်ကွင်းဆင်းခဲ့သူ CDM ကထိက ဒေါ်ရတီအုန်းနှင့်တွေ့ဆုံခြင်း အပိုင်း ၂

Must read

“ကလေးတွေ ခြေထောက်တွေ ပြတ်ကြတယ်။ ခေါင်းတွေ ထိကုန်တယ်။ Cluster ဗုံးက စစ်မြေပြင်မှာတောင်မှ လုံးဝမသုံးရဘူး။ အဖျက်စွမ်းအားကြီးတယ်ဆိုပြီး နိုင်ငံတကာက ပိတ်ပင်ထားတာ။ ဒါပေမယ့် စစ်ကောင်စီက နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူး။ ပြောင်ပြောင် တင်းတင်းပဲ လူသားမျိုးနွယ်ပျက်သုဉ်းအောင်ကိုမှ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်နေတယ်”

By ရန်ကုန်ခေတ်သစ်

ဒီပဲယင်းစာသင်ကျောင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲခံရမှု မျက်မြင်ကွင်းဆင်းခဲ့သူ CDM ကထိက ဒေါ်ရတီအုန်းနှင့်တွေ့ဆုံခြင်း အပိုင်း ၂

အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့ အထိ အပစ်အခတ်ရပ်စဲသည်ဟု ကြေညာခဲ့သော်လည်း မေလ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးခဲ့ရသည်။ အဆိုပါဗုံးကျဲမှု ဖြစ်စဉ်ကို ကိုယ်တိုင် မြေပြင်ကွင်းဆင်း သွားရောက်လေ့လာခဲ့သူ CDM ကထိက ဒေါ်ရတီအုန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ အဲဒီတော့ အိုးထိမ်းကွင်းစာသင်ကျောင်းကို ကျဲသွားတဲ့ ဗုံးအမျိုးအစားက ဘယ်လိုအမျိုးအစားလဲ ။ ဆရာမတို့ သိသလောက် ဘယ်လောက်အထိ ပြင်းထန်ပြီးတော့ ဘယ်လိုအခြေအနေမျိုး ၊ ဘယ်လိုပေါက်ကွဲပြီးတော့ ကလေးတွေ ထိခိုက်တာလဲဆိုတာ ဘယ်လိုသုံးသပ်လို့ရလဲ ဆရာမ မြေပြင်အခြေအနေနဲ့ပေါ။

ဖြေ။ ။ လေယာဉ်နဲ့ ဗုံးကျဲတာကို ကျွန်မ အကြိမ်ရေ အတော်များများ ကြုံဖူးတယ်။ ပေါင် ၅၀၀ ဗုံးကျရင် ကျင်းအနက်က ၄ ပေလောက် အနည်းဆုံးရှိတယ်။ ဘေးက အဝန်းအဝိုင်းကျယ်တာကလည်း ၁၀ ပေ၊ ၁၅ ပေလောက် ကျင်းချိုင့်ကြီး ဖြစ်သွားတယ်။

အခု ဒီမှာတွေ့ရတဲ့ ပုံစံကတော့ ၈ လက်မ အချင်းလောက်ရှိပြီးတော့ ၈ လက်မ အနက်လောက် အဲဒီလို အကျင်းလေးတွေ ရာချီတယ်။ အဆောက်အအုံဘေးပတ်ချာလည်မှာ ။ ဒီဘက်က အပြောအရဆိုရင် ဖွာလန်ကို ကျဲပြီးတော့ ဝဲကား မည်းခဲနေတာပေါ့ ဒီကျင်းလေးတွေက ။ ပါးစပ်က ပြောတော့သာ ကျင်းလေးတွေ အဲဒီ အစိတ် အပိုင်းက ခန္ဓာကိုယ်ကို မှန်ရင် အဲဒီလိုအနေအထားရှိတယ်။ ပြီးတော့ သိပ်အမြင့်ကြီးကို မတက်ဘဲနဲ့ မြေကြီးနား တစ်ပေ ၂ ပေပေါ့။ အဲဒီလောက်မှာ ပိုပြီးတော့ ဝဲတယ်။ ဒီအပိုင်းအစတွေက ။ နောက် ခြေထောက်တွေ ပြတ်ကြတယ်။ နောက် ထိခိုက်တဲ့ နေရာကြည့်တော့ မြေပြင်ကနေ တစ်ထွာ ၆ လက်မ သာသာလောက်တွေမှာ ဒီဟာတွေ ဖြစ်တယ်ဆိုတော့ သုံးသပ်ကြတာတော့ Cluster ဗုံးအမျိုးအစားလို့ သုံးသပ်တယ်။ Cluster ဗုံးက စစ်မြေပြင်မှာတောင်မှ လုံးဝမသုံးရဘူး။ အဖျက်စွမ်းအားကြီးတယ်ဆိုပြီး နိုင်ငံတကာက ပိတ်ပင်ထားတာ။ ဒါပေမဲ့ စစ်ကောင်စီက နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူး။ လုံးဝကို ဂရုမစိုက်တာ။ ပြောင်ပြောင် တင်းတင်းပဲ လူသားမျိုးနွယ်ပျက်သုဉ်းအောင်ကိုမှ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်နေတယ်။

စစ်ရာဇဝတ်မှုလည်း ကျူးလွန်နေတယ်။ အဲဒါကြောင့် အခုသုံးတဲ့ ဗုံးအမျိုးအစား မျက်မြင်အရ ကောက်ချက်ချရရင်တော့ Cluster ဗုံးအမျိုးအစားပါ။ ဒီဗုံးအမျိုးအစားနဲ့ ဒီလောက် သေကျေတာတောင်မှ ကလေးတွေ ကံလို့ ပြောရမှာ။ သူတို့က မျက်နှာစာဘက်ကို ထွက်သမျှ ကလေးတွေ အားလုံးက အသက်ဆုံးရှုံးတာ ။ ကျောင်းရဲ့ နောက်ကျောထဲကို ခုန်ချပြီးတော့ အဲဒီနောက်ကျောအတိုင်းပြေးလိုက်ပြီးတော့ ဟိုဘက်က ဘုန်းကြီးကျောင်း။ ဟိုဘက်မှာ ဘုန်းကြီးကျောင်းကပ်လျက်။ အဲဒီဘုန်းကြီးကျောင်းကို ခုန်ချပြီးတော့ အုတ်တံတိုင်းကို အကွယ်ယူလိုက်တဲ့ ကလေးတွေကတော့ သေးသေးဖွားဖွားပဲ ထိတာ။

စုစုပေါင်း အဲဒီနေ့က ကျောင်းတက်နေတာက ၁၀၀ နီးပါးလောက် ခန့်မှန်း အဲဒီလောက်ရှိမယ်ဆိုတော့ ထိခိုက်တာလည်း ၁၀၀ ကျော်လောက်ရှိပါတယ်။ ကွယ်လွန်တာကတော့ မနေ့က တစ်ယောက်ထပ်ပြီးတော့ တိုးတယ်ဆိုတော့ ၂၃ ယောက်ပါ။ အဲဒီတိုးလာတဲ့ ကလေးကလည်း G2 လား G3 လားပဲ။ သူ့ခေါင်းကို ထိတယ်။ G2 ဆိုတဲ့ သူ့အသက်အရွယ်နဲ့ အရပ်က ဘယ်လောက်ရှိမလဲ ခေါင်းကို ထိတယ်။ အဲဒါထပ်တိုးဆိုတော့ ၂၃ ယောက်ရှိသွားပြီလို့ ပြောရမှာရှင့်။

မေး။ ။ နောက်တစ်ဖက်က ဒီအချိန်က နွေရာသီ ကျောင်းပိတ်ထားတဲ့အချိန်ပေါ့။ ဘာလို့ ကျောင်းတက်ကြတာလဲပေါ့။ ဒါကျောင်းက ဖွင့်ထားတယ်ဆိုတာ ဟုတ်ရဲ့လားပေါ့။ တစ်ဖက်ကနေ တိုက်ခိုက်တာပေါ့။ ဆိုတော့ အဲဒီကျောင်းရဲ့ ကျောင်းဖွင့်ရာသီနဲ့ ကျောင်းဖွင့်တဲ့အချိန်ကရော ဘယ်လိုမျိုးလဲ ဆရာမ။ ဘယ်လိုသိထားလဲ။

ဖြေ။ ။ ကျွန်မတို့ဘက်ကကျတော့ ရပ်ရွာအခြေပြုဖွင့်ထားတာ။ သင်ကြားမယ့် ကျောင်းသားရယ်၊ ဆရာမရယ်၊ နောက် တိုက်ပွဲ စစ်ကြောင်းထိုးတဲ့ အနေအထား၊ လေကြောင်းအနေအထားပေါ်မှာ မူတည်ပြီးတော့မှ ကျောင်းဖွင့်ရက် ပိတ်ရက်ဆိုတာ မူသေမရှိဘူး။ အခြေအနေအရ သင်ခန်းစာကို ပြီးအောင်ပဲ ကြိုးစားသင်ရတယ်။

နောက်ပြီးတော့ ဆင်းရဲ မပြည့်စုံကြတဲ့ ရွာတွေလေ၊ ငွေရမယ့် လယ်ယာလုပ်ငန်းလုပ်တဲ့ အချိန်မျိုးကို သူတို့က ကျောင်းပိတ်ကြတယ်။ ဥပမာ ပဲ သိမ်းမယ့် အချိန်မျိုးကို ကျောင်းပိတ်တယ်။ ဒီမှာ တာဝန်ထမ်းနေတဲ့ Volunteer ဆရာ ဆရာမတွေရော ကျောင်းသား ကျောင်းသူတွေရော အကုန်လုံးက ပိုက်ဆံရအောင် ပဲ အငှားနုတ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ကျောင်းက ပိတ်တယ်။ ဘယ်အချိန်မှာ ပိတ်သလဲဆိုရင် လယ်ယာလုပ်ငန်းအတွက် သူတို့ ပိုက်ဆံရှာတဲ့အချိန် ၊ နောက် စစ်ကြောင်းထိုးတဲ့အချိန်၊ နောက် အခုလိုမျိုး လေယာဉ်တိုက်ခိုက်တဲ့အခါမျိုးတွေမှာ ကျောင်းပိတ်ပြီးတော့ ကျန်တဲ့ အချိန်မှာတော့ သူတို့က သူတို့အစီအစဉ်နဲ့သူတို့ပဲ ကျောင်းဖွင့်ကြတာရှင့်။

အဲဒီတော့ ကျွန်မ မေးချင်တာက သူတို့ဘက်က ကလေးတွေ မဟုတ်တိုင်း၊ သူတို့ဘက်က ကျောင်းဖွင့်ချိန်မဟုတ်တိုင်း ဒီလို ဗုံးကျဲခွင့်ရှိတယ်လို့ ဘယ်သူက ခွင့်ပြုလိုက်တာလဲ။ ဘယ်လောက် သေးသိမ်ပြီး ဘယ်လောက် အောက် တန်းကျလဲ။ သူတို့မှာရော သားသမီးတွေ မရှိဘူးလား။ ပညာသင်ကြားရာမှာ အကန့်အသတ်မရှိဘူး ဒါ အခြေခံလူ့အခွင့်အရေး။

သင်ကြားသူနဲ့ သင်ယူသူနဲ့ အဆင်ပြေနေရင် သစ်တစ်ပင်အောက်မှာလည်း ညသန်းခေါင်ဖြစ်ပါစေ၊ မီးထွန်းပြီး သင်ခွင့်ရှိတယ်။ အတော့်ကို အောက်တန်းကျတဲ့ စာသင်ချိန်မဟုတ်ဘဲ ကျောင်းဖွင့်လို့မို့လို့ ဗုံးကျဲတာဆိုတဲ့ အယူအဆအတွက်တော့ အဲဒီဘက်က လူတွေ အားလုံးမေးချင်တယ်။ အတော့်ကို အောက်တန်းကျတဲ့ အတွေးအခေါ်ပါလို့ ကျွန်မကတော့ ပြောချင်တယ်ရှင့်။

မေး ။ ။ ဒီလောက်လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့အခါကျတော့ တော်လှန်ရေးဒေသက ကလေးတွေနဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးက ဘယ်လိုဆက်လုပ်ရမလဲ။ သူတို့ဘက်ကလည်း ဗုံးကျဲတာတွေ တောက်လျှောက်လုပ်နေတဲ့အခါကျတော့ ကလေးတွေရဲ့ ပညာရေးက ဘယ်လို ဆက်သွားရမလဲ ။ ဒီလိုသွားရင် ဒီကလေးတွေက ပညာမသင်ရတော့ဘူးလား ။ အဲဒီလို မေးခွန်းထုတ်ရမလိုဖြစ်နေပြီ။ အဲဒါကိုရော ဆရာမ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ ။ ဘယ်လိုမှတ်ချက်ပေးရမလဲဆိုတော့ သူတို့အဓိကလုပ်နေတာက ကိုယ့်ဘက်က မျိုးဆက်တွေ ပညာ သင်ကြားခွင့်မရအောင် အဲဒါကို အဓိကထားလုပ်နေတော့ ကျွန်မတို့ကတော့ နည်းလမ်းရှာပြီးတော့ လုံခြုံစိတ်ချရတဲ့ နည်းလမ်းနဲ့ ပညာဆက်လက်သင်ကြားဖို့ ကြိုးစားမှာ။ ကြိုးလည်း ကြိုးစားနေတယ်။

လောလောဆယ်အားဖြင့်ကတော့ ဒါအားလုံး စိတ်နှလုံးထိခိုက်ရပြီးတော့ ရှိနေတာကြောင့်မို့လို့ ကျောင်းတွေကိုတော့ ပိတ်ထားတယ်ပေါ့နော်။ ခေတ္တပိတ်ထားပြီးမှ ဆက်ပြီးတော့ သင်ကြားနေမှာ ကျွန်မတို့ဘက်ကတော့ ။ ဒါပေမဲ့ ကလေးတွေရဲ့ အသက်အန္တရာယ်ကင်းဝေးဖို့ကတော့ ကျွန်မတို့ စီစဉ်ပြီးတော့မှ သင်ကြားမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာသင်ကြားဖို့က ရပ်တန့်ထားလို့ မရပါဘူး။ အဲဒီအတွက် လိုအပ်တဲ့ စီစဉ်မှုတွေ လုပ်ပြီးရင်တော့ ကျွန်မတို့က ပြန်ပြီးတော့မှ ဆက်လက်ပြီး သင်ကြားမှာပါရှင့်။

(ဆက်လက်ဖော်ပြပါမည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article