ရန်ကုန်၊ မေ ၂၀
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၇ နယ်မြေ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင် စီ ၏ မော်ဖိုးကေစခန်းကို နာရီပိုင်းသာ တိုက်ခိုက်ပြီးနောက် စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်မှစတင်၍ စစ်ကောင်စီ၏ မော်ဖိုးကေစခန်းကို KNLA ၊ KNDO နှင့်ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ည ၈ နာရီဝန်းကျင်အချိန်တွင် စခန်းကို ချည်းကပ်ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
” ခန့်မှန်းခြေ စခန်းသိမ်းတာက နာရီပိုင်းပဲကြာတယ်။ ဒရုန်းတွေနဲ့ ဗုံးစကျဲပြီး မြေပြင်ကနေ ဝင်လုံးတာ။ အဲဒီစခန်းက စစ်သားတွေ အများစု ထွက်ပြေးတယ်လို့ သိရတယ်။ လက်နက်ခဲယမ်းရတာတွေလည်းရှိတယ်။ အတိအကျ အသေး စိတ်တော့ သတင်းစောင့်နေတုန်းပဲ။ စခန်းရသွားတာကတော့ မနေ့ညကတည်း က ရတာ သေချာပါတယ်” ဟု KNU သတင်းရင်းမြစ်က ဆိုသည်။
မေလ ၁၆ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်အနီးရှိ မယ်လ စစ်တပ်စခန်းကို သိမ်း ပိုက်ပြီးနောက် မေလ ၁၉ ရက်နေ့တွင် မော်ဖိုးကေစစ်တပ်စခန်းကိုလည်း KNU တစ်ရက်တည်း အပြီးအပြတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မော်ဖိုးကေစခန်းသိမ်းတိုက်ပွဲကြောင့် ပြည်သူ ၂၄၁ ဦး ထိုင်းနိုင်ငံဘက်အခြမ်းသို့ စစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ရပြီး ထိုင်းစစ်တပ်ကလည်း နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ခဲ့သည်။
KNU တပ်မဟာ ၇ နယ်မြေ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို တောက်လျှောက်ဆိုသလို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ မတ်လ၊ ဧပြီလနှင့် ယခု မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း၊ မယ်လ၊ မော်ဖိုးကေ စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ်တွင် နော်တယာ၊ မဲသဝေါ၊ မောရလီ၊ နော်တ စုစု ပေါင်း စစ်ကောင်စီ၏ တပ်စခန်း ၄ ခုဝန်းကျင်သာ ကျန်ရှိတော့ကြောင်း၊ စစ်ကောင်စီတပ်စခန်းများအားလုံးနီးပါး KNU လက်အောက်သို့ ကျရောက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
