30.1 C
Yangon

ခမောက်ကြီးမြို့နယ် အခြေစိုက် ခမရ-၄၃၁ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားသစ်ချစ်ကိုက သေနတ် ၁ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်၊ မြ၀တီတွင် ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းအဖြစ် စစ်ထဲ ခေါ်ဆောင်ခံခဲ့ရ

Must read

ရန်ကုန်၊ မေ ၂၀

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ် အခြေစိုက် ခမရ-၄၃၁ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက်၊ ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း People’s Defense Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁၅ ရက်နေ့ ခမောက်ကြီးမြို့နယ် အခြေစိုက် ခမရ-၄၃၁ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားချစ်ကိုက သေနတ် ၁လက် ယူဆောင်လာပြီး တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ ၃၅ နယ်မြေ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃ ထံသို့အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ချစ်ကိုသည် MA-1 အမျိုးအစား မောင်းပြန် ၁ လက်၊ ၎င်းကျည် ၁၄၇ တောင့်၊ ၎င်းကျည်ဘောက် ၃ ခုနှင့်အတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ ယူဆောင်လာခဲ့ကြောင်းသိရှိရသည်။

“ရှေ့တန်းကပဲချိတ်ဆက်ဝင်လာတာပါ။ ဂုဏ်ပြုငွေပေးဖို့စီစဉ်နေပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၈ ကရဲဘော်ပါ။ အလင်းဝင်ရောက်လာတဲ့သူက မြ၀တီမြို့ကပါ။ မြဝတီကနေပေါ်တာဆွဲခံရပြီး စစ်မှုထမ်းအပတ်စဉ် ၈ ကိုတက်ရောက်ခဲ့တယ်။ ပြီးတော့ ခမရ ၄၃၁ ထဲရောက်တယ်။ အခုသိန်ခွန်းတိုက်ပွဲကိုပါလာတယ်။ ရှေ့တန်းကနေပဲ ကျနော်တို့ ဆီချိတ်ဆက်ပြီးအလင်းဝင်လာတာပါ။အခြားအဆင့်အပြင် အရာရှိအဆင့်တွေပါ ကျနော်တို့ဆီ ချိတ် ဆက်ထားတာတွေအများကြီးရှိပါတယ် သူတို့ပြောစကားအရဆိုစစ်ကောင်စီဘက်က စိတ်ဓာတ်တော်တော်ပျက်ပြားနေကြတယ်။ တချို့ကမိသားစုနဲ့ချိန်းခြောက်တာခံနေရတယ် “ဟု People’s Defense Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

စစ်မှုထမ်း တပ်သားသစ် ချစ်ကို ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ၏ တပ်ရင်းမှူး အယ်ကြီးမှ ကြိုဆိုလက်ခဲ့ပြီး လက်နက်ခဲယမ်းများကို လွဲပြောင်းလက်ခံရယူခဲ့ကြောင်း၊ စစ်မှုထမ်း တပ်သားသစ် ချစ်ကိုအား ကောင်းမွန်စွာစောင့်ရှောက်ထားပြီး လက်နက်နှင့်အတူဝင်ရောက်လာသည့်အတွက် ချီးမြှင့်ငွေပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင်လမ်းသို့ အင်အား ၃၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုနှင့် သိန်ခွန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ လခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများခဲ့ပြီးနောက် တော်လှန်ရေးတပ်များထံ အလင်းဝင်ရောက်သူများလည်း များပြားလာခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က စစ်ကြောင်းမှ ၁၀၃ တပ်ရင်းမှူးမှာ ရှေ့တန်းမှ ထွက်ပြေးသွားခဲ့ပြီး မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၁ မှ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ယခုလအတွင်း အကြမ်းဖက်စစ်ကောင်စီ လက် အောက် ခံ ရဲတပ်သားတစ်ဦးကိုလည်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၂ က ပြည်ထောင်စုလမ်းတွင် လုံခြုံရေးဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များထံသို့ ဧပြီလ နှင့် မေလအတွင်း အလင်းဝင်ရောက်လာခဲ့သူ စစ်ကောင်စီတပ်သား ၁၄ ဦးရှိခဲ့ပြီး လက်နက်နှင့်အလင်းဝင်ရောက်လာသူများကိုလည်း ချီးမြှင့်ငွေများ ပေးအပ်လျက်ရှိကြောင်း၊ စစ်ကောင်စီတပ်သားများအနေဖြင့် အချိန်မရွေးလာရောက်၍ ပြည်သူနှင့်အတူ ပူးပေါင်းကြရန် တပ်ရင်းများမှ ဖိတ်ခေါ်ထားကြကြောင်း People’s Defense Force – မြိတ်ခရိုင်တပ်ရင်း ၃ က ဖိတ်ခေါ်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article