28 C
Yangon

အာဆီယံ ကာကွယ်ရေးဆိုင်ရာ ADMM အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာအကြမ်းဖက် စစ်ကောင်စီအား ဖိတ်ကြားထားမှု ပယ်ဖျယ်ပေးရန် တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၁၄

မကြာမီရောက်လာတော့မယ့် ဇွန်လ ၂၂ ရက်နေ့မှာ အာဆီယံ ကာကွယ်ရေးဆိုင်ရာ ADMM အစည်းအဝေးတစ်ခုကို ကျင်းပဖို့ရှိနေပြီး အကြမ်းဖက်စစ်ကောင်စီကလည်း တက်ရောက်ဖို့ ရှိနေပါတယ်။

အာဆီယံ နိုင်ငံရေး-လုံခြုံရေးအသိုက်အဝန်းရဲ့ မျှော်မှန်းချက် အစိတ်အပိုင်းအဖြစ် အာဆီယံနဲ့ ၎င်းရဲ့ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်တွေဟာ အာဆီယံရဲ့ ကာကွယ်ရေးကဏ္ဍကတဆင့် မြန်မာစစ်တပ်နဲ့ နက်ရှိုင်းတဲ့ ထိတွေ့ဆက်ဆံမှုတွေ အဆင့်တိုင်းမှာ အဆက်မပြတ်ရှိနေခဲ့ပြီး ဖြစ်ပါတယ်။

အာဆီယံရဲ့ ကာကွယ်ရေးအစီအစဉ်က မြန်မာစစ်တပ်ကို အစည်းအဝေးတွေ၊ လေ့ကျင့်ရေး သင်တန်းတွေ၊ ထောက်လှမ်းရေး သတင်းအချက်အလက် အပြန်အလှန်ဖလှယ်တာတွေ၊ စစ်လက်နက် ထုတ်လုပ်မှုတွေ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ဆိုက်ဘာလုံခြုံရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ပါဝင်ဖို့ ခွင့်ပြုထားပါတယ်။

အာဆီယံမှာ အကြမ်းဖက် မြန်မာစစ်တပ်. ပါဝင်ခွင့်ရရှိနေတာက ၎င်းတို့အတွက် စွမ်းဆောင်ရည်တည်ဆောက်ဖို့၊ စစ်လက်နက်ရရှိဖို့၊ ၀င်ငွေရင်းမြစ်တွေရှာဖွေဖို့၊ နိုင်ငံတကာတရားဝင်မှုရှာဖွေဖို့၊ ဝါဒဖြန့်ချီရေးဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ဇာတ်ကြောင်းတွေ ဖော်ထုတ်ဖို့နဲ့ အာဆီယံအဖွဲ့ဝင်တွေ၊ ဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ နှစ်ဘက်စစ်ရေးဆက်ဆံရေး ပိုမိုခိုင်မာဖို့အတွက် ပံ့ပိုးကူညီပေးထားတာပဲ ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က နိုင်ငံတကာလူ့အခွင့်အရေးတွေနဲ့ လူသားချင်း စာနာထောက်ထားမှု ဥပဒေတွေကို အကြိမ်ကြိမ် ချိုးဖောက်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန်နေတာတွေကို သိလျက်နဲ့၊ အာဆီယံအနေနဲ့ အကြမ်းဖက် မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နေတာက အင်မတန် စိတ်ပျက်စရာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှု ကြိုးပမ်းခြင်းနောက်ပိုင်း အာဆီယံရဲ့ ကာကွယ်ရေးကဏ္ဍ၊ အကြမ်းဖက် တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို ရုရှားနိုင်ငံနဲ့ ပူးတွဲဥက္ကဌအဖြစ် အကြမ်းဖက်စစ်တပ်ကို တာဝန်ထမ်းဆောင်စေတာ အပါအဝင်၊ အာဆီယံရဲ့ ကာကွယ်ရေးကဏ္ဍ လှုပ်ရှားဆောင်ရွက်မှု ပြက္ခဒိန် အချိန်ဇယားတွေအတိုင်း အကြမ်းဖက် မြန်မာစစ်တပ်ကို တင်းပြည့်ကျပ်ပြည့် ဆက်ပြီး ပါဝင်ခွင့် ပေးထားပါတယ်။

အာဆီယံအနေနဲ့ လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ပါဝင်မှုကို ခွင့်ပြုထားတာဟာ စစ်ကောင်စီကို အစိုးရတစ်ရပ်ပုံစံနဲ့ ထိတွေ့ဆက်ဆံနေတာဖြစ်ပြီး ဒါဟာ အင်မတန်မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ ဒေသတွင်းအစိုးရတွေရဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် မြန်မာစစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ကူညီဟန့်တားပေးနိုင်ပေမယ့် အခုအချိန်အထိ အရေးယူဆောင်ရွက်ဖို့ အကြိမ်ကြိမ်ပျက်ကွက်နေရုံသာမက၊ မြန်မာစစ်တပ်ကို ပံ့ပိုးကူညီနေပြီး တရားဝင်မှုပေးနေတာက အဆိုပါရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေတာဖြစ်ပါတယ်။

အာဆီယံအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့အတွက် မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုတွေကို အဟန့်အတားဖြစ်စေခဲ့ပြီး၊ ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က တစုံတရာ အရေးမယူနေကြတာကို ဖုံးကွယ်ပေးနေတာ ဖြစ်ပါတယ်။

အဆိုပါလုပ်ရပ်တွေနဲ့ အာဆီယံဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခွင့်ပေးထားခဲ့ပြီး လက်ရှိလုပ်ဆောင်နေဆဲ ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီပေးနေတာ ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

ဒါကြောင့်မို့ လာမည့် ဇွန်လ ၂၂ မှာ ကျင်းပမယ့် ADMM အစည်းအဝေး အပါအဝင် အာဆီယံ အစည်းအဝေးများနဲ့ လှုပ်ရှားမှုအားလုံးကနေ မြန်မာစစ်ကောင်စီကို ဖယ်ရှားဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး မြန်မာ့ အကြပ်အတည်းကိုဖြေရှင်းဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မြန်မာပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ဖို့ စတဲ့ အချက်တွေပါတဲ့ တောင်းဆိုချက်တွေကို အာဆီယံနဲ့ ADMM-Plus နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား၊ နယူးဇီလန်၊ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံများထံ တောင်းဆိုထားတယ် လို့ Justice for Myanmar က ထုတ်ပြန်ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article