ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သရက်တပင်ရွာ အထက်တန်းကျောင်း၌ Non CDM ကာယဆရာ အောင်ကိုလွင်စိုးက ကျောင်းသားကျောင်းသူများကို အခြေခံ စစ်ပညာဆိုင်ရာ ကာယ လေ့ကျင့်ခန်းများ သင်ကြားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနှစ် ဇွန်လပိုင်းတွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်မှ စ၍ မင်းလှမြို့နယ်၊ သရက်တပင်ရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကာယဆရာ အောင်ကိုလွင်စိုးက ကျောင်းသား ကျောင်းသူများကို အခြေခံ စစ်ပညာဆိုင်ရာ ကာယ လေ့ကျင့်ခန်းများ သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သင်ကြားရာတွင်လည်း စစ်ပညာ၏ အခြေခံဖြစ်သော အမိန့်ကို နာခံရမည်ဟုဆိုကာ ကျောင်းသားကျောင်းသူ ကလေးငယ်များကို နေ့စဉ်ပြောဆိုနေပြီး ၎င်းခိုင်းစေသည့် ကာယ လေ့ကျင်ခန်းများ မလုပ်ဆောင်နိုင်ပါက ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်းများ လုပ်ဆောင်ကာ အကြိမ်ကြိမ် လေ့ကျင့်ခန်းများကို လုပ်ဆောင်ခိုင်းကြောင်း သိရှိရသည်။
အဆိုပါ ကာယဆရာ အောင်ကိုလွင်စိုးသည် ကာယသင်ကြားချိန်တွင်လည်း အရက်သောက်သုံးခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်းများလည်း လုပ်ဆောင်ထားပြီး အကြမ်းဖက် စစ်တပ်မှ အရာရှိများနှင့်လည်း အမျိုးတော်စပ်သူ တစ်ဦးဖြစ်သောကြောင့် ကျောင်းအုပ်ကြီးမှ ပြောဆို ဟန့်တားရဲခြင်းမရှိကြောင်း သိရသည်။
“အခုနှစ်ကနေစပြီး မင်းလှမြို့နယ်၊ သရက်တပင်ရွာ အထက်တန်းကျောင်းမှာ ကာယဆရာ အောင်ကိုလွင်စိုးက ကလေးတွေကို အခြေခံ စစ်ပညာဆိုင်ရာ ကာယ လေ့ကျင့်ခန်းတွေပါ သင်ကြားနေတာ နောက်ပြီး ကလေးတွေကို မိုးရေထဲမှာ သတိ ဆိုပြီး အကြာကြီး ရပ်ခိုင်းတာတွေထိပါ လုပ်နေတာ သတိရပ်ရတာကြာတော့ လှုပ်တဲ့ ကလေးတွေကိုလည်း အမိန့်မနာခံဘူးဆိုပြီး ဆဲဆို ရိုက်နှက်တာတွေလည်း လုပ်တယ်။ လေ့ကျင့်ခန်းတွေလည်း ပြင်းပြင်းထန်ထန်ခိုင်းပြီးတော့ မှားသွားရင် အကြိမ်ကြိမ် ပြန်လုပ်ခိုင်းတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

