ရန်ကုန်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီ အနီးတစ်ဝိုက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့က စတင်ပြီး ဝမ်ပေါင် ကုမ္မဏီ အနီးတစ်ဝိုက်ရှိ ညောင်ပင်ကြီးကျေးရွာအုပ်စု အနီးတစ်ဝိုက်ကို အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများအပါအဝင် အနီးအနားကျေးရွာ ၁၁ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ကျေးရွာကတော့ ညောင်ပင်ကြီးအုပ်စုပါ။ အဲဒီနားက အုပ်စုပေါင်း ၁၁ ရွာ လောက်တော့ရှိမယ်။ ပြေးတာတော့ လွတ်ရာတော့ ပြေးနေကြတာ စစ်ကြောင်းကလည်း အဲဒီနားပတ်နေတာ ကျေးရွာကတော့ ၁၁ရွာ လူဦးရေကတော့ ထောင်နဲ့ချီပြီး ပြေးနေရတယ်။ စစ်ကြောင်းကတော့ ညောင်ပင်ကြီး ပတ်ဝန်းကျင်မှာပဲရှိတယ်။ ညောင်ပင်ကြီး အုပ်စုထဲမှာပဲ ဘယ်မှမထွက်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများကလည်း ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့တွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ရုပ်ဆိုးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ပေါင်းတည်မြို့နယ်က ရုပ်ဆိုင်းရွာကို စစ်ခွေး စစ်ကြောင်းက ဝင်ရောက် စီးနင်းမီးရှို့တာ အိမ်ခြေ ၂၆ လုံး ပြာကျသွားတယ်” ဟု ဒေသ ပြည်သူတစ်ဦးကပြောဆိုသည်။
