27 C
Yangon

ရွှေဘို၊ လက်ပံတန်း၊ လောင်းလုံးနှင့် ထားဝယ်မြို့တို့တွင် ဒေသခံ ပြည်သူ ၁၇ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ ဘုတလင် မောင်းထောင်စံပြရွာမှ ပြည်သူ ၆၀ ကျော်ကိုလည်း စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ ပဲခူးတိုင်း လက်ပံတန်းမြို့နယ်နှင့် တနင်္သာရီတိုင်း လောင်းလုံးနှင့် ထားဝယ်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၇ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကာ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မောင်းထောင်စံပြရွာမှ ပြည်သူ ၆၀ ကျော်ကိုလည်း စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ရွှေဘိုမြို့
=======

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ် ၃ ရပ်ကွက်ရှိ အိန္ဒာ ရပ်ကွက်တွင် အေးမွန်သူ အလှပြုပြင်ရေး ဆိုင်မှ အမျိုးသမီး ၄ ဦးနှင့် အဆိုပါ ရပ်ကွက် အတွင်းမှ လင်မယား ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် အေးမွန်သူ အလှပြုပြင်ရေး ဆိုင်ကို တံခါးဖွင့်ခိုင်းပြီး တံခါး ဖွင့်မပေးသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ကာ မဆွေဦး၊ မအေးအေးခိုင်နှင့် ဆိုင်အကူ အမျိုးသမီး ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ပြင် အိန္ဒာရပ်ကွက် အတွင်းရှိ ကိုခိုင်ဦးနှင့် မမျိုးတို့ လင်မယား ၂ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က ထပ်မံ ဖမ်းဆီးခဲ့ပြီး ယင်းဖမ်းဆီးသွားသူများကို ၄၂ တပ်ရင်းထဲသို့ ခေါ်ဆောင်သွားပြီး အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်
=================

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ရွာကလေးကျေးရွာမှ အုပ်ချုပ်ရေးမှုးဟောင်း ဦးနိုင်စိုးကို ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ်
================================

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ် အတွင်းရှိ ပြည်သူ ၉ ဦးနှင့် ဂေါ့အင်းရွာမှ လူငယ် ၁ ဦးကို ဇွန်လ ၁၇၊ ၁၆၊ ၁၄ ရက်နေ့တွင် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဇွန်လ ၁၇ ရက်နေ့ နံနက် ၁ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်တွင် နေထိုင်သော ဦးတင်သန်း၊ ဦးတင်ထွန်းတို့ ၂ ဦးဖမ်းဆီးခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဒေါ်မီးငယ်ဆိုသူနှင့် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ဂေါ့အင်းရွာ စာသင် ကျောင်းရှေ့တွင်လည်း ဆိုင်ကယ်တစ်စီးလူငယ်တစ်ဦးတို့ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လောင်းလုံးပေါ်တွင် နေထိုင်သော ကိုဇော်လတ်၊ ကိုချမ်း၊ ကိုလားအို၊ ကိုဇော်မိုး၊ ဒေါ်သီးပို၊ မခြူးဝင့်နွယ်တို့ ၆ ဦးခန့်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၄ ရက်နေ့တွင်လည်း ထားဝယ်မြို့နယ် အရှေ့ဖက်ရှိ အညာဖျားရွာသား ပြည်သူ ၃ ဦးဖြစ်သည့် ကိုသန်းဦး၊ကိုချစ်မြတ်ထွေး၊ ကိုကိုမောင်တို့ကိုလည်း အကြမ်းဖက် စစ်တပ်က မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ဘုတလင်မြို့နယ်
===============

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မောင်းထောင်စံပြရွာမှ အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းပြီး ပြည်သူ ၆၀ ဦးကို ဆေးရုံထဲ၌ ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၅ လုံးနှင့် ကောင်စီရုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး မောင်းထောင်စံပြရွာရှိ ဆေးရုံတွင် စစ်တပ်က တပ်စွဲထားကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးသွားသော ထားဝယ်မြို့နယ် အညာဖျားရွာသား ကိုချစ်မြတ်ထွေးနှင့် ကိုကိုမောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article