26 C
Yangon

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ်ခေါင်းဆောင်များ မိုင်တယ်လ် ကိုအသုံးပြုပြီး အဂတိ အကြီးအကျယ် လိုက်စားမှုများ ရှိနေ၊ မြန်မာစစ်တပ်သမိုင်းတွင် မရှိခဲ့သည့် စစ်တပ်လျှို့ဝှက်ချက်များ ဗီယက်နမ်စစ်တပ်သို့ ပေါက်ကြားမှု ဖြစ်ပွား

Must read

ရန်ကုန်၊ ဇွန် ၁၈

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ်ခေါင်းဆောင်တွေဟာ မိုင်တယ်လ် ဆက်သွယ်ရေးလုပ်ငန်းကို အသုံးပြုပြီး အဂတိအကြီးအကျယ် လိုက်စားနေပြီး၊ ထိုမှတဆင့် မြန်မာစစ်တပ်သမိုင်းမှာ မရှိခဲ့တဲ့ ဖြစ်ရပ်အနေနဲ့ မြန်မာစစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေဟာ ဗီယက်နမ်စစ်တပ်သို့ ပေါက်ကြားမှုများ ဖြစ်ပွားခဲ့ကြောင်း Justice for Myanmar အဖွဲ့က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်နီးပါးအတွင်း မိုင်တဲလ်ဟာ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်သူ့ဝန်ထမ်းများထံ သိန်းပေါင်းများစွာသော အခမဲ့ဆင်းကဒ်များ ပေးအပ်ခဲ့ပြီး အဆိုပါ မိုင်တယ်ဆင်းကဒ် သုံးစွဲသူတွေဟာ စစ်ဘက်ထောက်လှမ်းရေးရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတယ်လို့ ဆိုပါတယ်။

မိုင်တဲလ်လုပ်ငန်းကို Telecom International Myanmar ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်ပြီး၊ ၎င်းကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေထဲမှာ ဗီယက်နမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment နဲ့ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ ပါဝင်နေတာပါ။

မိုင်တဲလ် ရဲ့ “အောင်တံခွန်”
=================

စစ်တပ်အတွင်း မိုင်တဲလ်သုံးစွဲသူများ ရရှိလာစေရေး ဆောင်ရွက်ရာမှာ မင်းအောင်လှိုင်ဟာ ဗီယက်နမ်စစ်မှုထမ်းတွေကို မြန်မာစစ်တပ်ရဲ့ တန်ဘိုးကြီးလှတဲ့ စစ်ဘက် လျှို့ဝှက်အချက်အလက်များ ကောက်ယူနိုင်ဖို့ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလအတွင်း Telecom International Myanmar ရဲ့ စီမံခန့်ခွဲမှုအဖွဲ့က ဧပြီလ တစ်လထဲမှာ သုံးစွဲသူအသစ် ၂၅,၃၀၀ ရရှိရေး ပစ်မှတ်ထားတဲ့ “စစ်တပ်အတွက် အောင်တံခွန် ရောင်းချမှုအစီအစဉ်” ကို ခွင့်ပြုပေးခဲ့ပြီး၊ တပ်ရင်း/တပ်မမှူးများအား ပထမ ဦးစားပေး သုံးစွဲသူများအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

Justice For Myanmar က ရရှိထားတဲ့မှတ်တမ်းအရ အောင်တံခွန် ရောင်းအားမြှင့် အစီအစဉ် ပြင်ဆင်မှုအဖြစ် မိုင်တဲလ်ဝန်ထမ်းတွေကို စစ်အခြေစိုက် စခန်းအားလုံးရဲ့ စာရင်းကို ပြုစုရန် ညွှန်ကြားခဲ့ပါတယ်။

ထိုသို့စာရင်းပြုစုပြီးနောက် မိုင်တဲလ်ဝန်ထမ်းများက စစ်အခြေစိုက်စခန်း တစ်ခုချင်း ဆီသို့ သွားရောက်ခဲ့ပြီး ဒေသခံတပ်ရင်း/တပ်မမှူးများရဲ့ အကူအညီနဲ့ စစ်ဘက်ဝန်ထမ်းတွေရဲ့ အမည်၊ ရာထူး၊ ကိုယ်ပိုင်နံပါတ် အပါအဝင် အချက်အလက်များကို ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။

တပ်ရင်း/တပ်မမှူးတွေအနေနဲ့ ၎င်းတို့ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်များ မိုင်တဲလ် ငွေဖြည့်ကဒ်များ ပုံမှန်ဖြည့်သွင်းစေရန် တာဝန်ယူရပြီး၊ ထိုသို့လုပ်ဆောင်ရန် ငွေကြေးလက်ဆောင်မက်လုံးများ စီစဉ်ပေးထားခြင်းဟာ ဖွဲ့စည်းပုံယန္တရား ကိုသုံးပြီး အောက်ခြေ အရာရှိအရာခံ အကြပ်တပ်သားများ အပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ စာဖိုင်၏ ခန့်မှန်းချက်အရ မြန်မာစစ်တပ်ရဲ့ စုစုပေါင်းအင်အားမှာ တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၇၉ ခု နဲ့ စစ်သည်အင်အား ၃၈၆,၅၀၀ ဦး ရှိတယ်လို့ သိရပါတယ်။

မိုင်တဲလ်က ကောက်ယူခဲ့တဲ့ လျှို့ဝှက်စစ်ဘက် သတင်းအချက် အလက်တွေထဲမှာ စစ်သည်တစ်ဦးချင်းစီရဲ့ စစ်ဘက်ဌာန အမည်များနှင့် ၎င်းတို့၏ တည်နေရာပြ ကိုဩဒိနိတ်များလည်း ပါဝင်နေတဲ့အပြင် စစ်ဘက်ထောက်လှမ်းရေး ဌာနများရဲ့ စုဖွဲ့မှုအချက်အလက်တွေလည်း ပါဝင်ပါတယ်။

မိုင်တဲလ်ရဲ့ အရောင်းမြှင့်တင်ခြင်း အစီအစဉ်အဖြစ် စစ်သည်တွေဟာ ၀၉၆၉ နဲ့စပြီး ၎င်းတို့ရဲ့ ကိုယ်ပိုင်နံပါတ်နဲ့ တသီးတသန့် ပြုလုပ်ပေးထားတဲ့ အခမဲ့ဆင်းကဒ်တစ်ခု ရရှိမှာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ကြောင့် ထိပ်ပိုင်း ကြီးကြပ်ကွပ်ကဲရသည့် အရာရှိကြီးတွေဟာ ၄င်းတို့ကွပ်ကဲမှုအောက်မှာရှိတဲ့ စစ်သည်တွေရဲ့ ဖုန်းနံပါတ်တွေကို အလွယ်တကူ သိရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်တဲလ်ရဲ့ နံပတ်ခွဲဝေသတ်မှတ်မှုမှာ “၉၆၉” ဂဏန်းအသုံးပြုမှုဟာ အစွန်းရောက်ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေကို ထောက်ခံကြောင်း အချက်ပြခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနံပတ်ခွဲဝေ သတ်မှတ်ရေး စည်းမျဉ်းတွေကို ဆန့်ကျင်ဖောက်ဖျက်ခဲ့တယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။

မိုင်တဲလ်ရဲ့ စီအီးအိုဖြစ်သူ ဗိုလ်မှူးကြီး ငုယင်သန့်နမ်က ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ Viettel Global Investment က ခန့်အပ်ထားသူတွေ ဦးဆောင်တဲ့ မိုင်တဲလ်ရဲ့ အရောင်းဌာန၊ စီးပွားရေး မဟာဗျူဟာဌာနနှင့် ဘဏ္ဍာရေးဌာနတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တာဝန်ထမ်းဆောင်ဆဲ မြန်မာစစ်တပ်အဖွဲ့ဝင်များအားလုံး မိုင်တဲလ်ကဒ်ကို မသုံးမနေရ သုံးကြရန် လုပ်ဆောင်ခဲ့ပြီး၊ စစ်တပ် တပ်ရင်းတပ်ဖွဲ့ တစ်ခုချင်းစီရဲ့ ခေါင်းဆောင်တွေက ၎င်းတို့ကွပ်ကဲမှုအောက်ရှိ စစ်သည်များ မိုင်တဲလ်ဖုန်း ကွန်ရက် အသုံးပြုစေရန်နှင့် ပုံမှန်ဖုန်းငွေ ဖြည့်သွင်းစေရန် တို့အတွက် တာဝန်ယူဆောင်ရွက်ရတယ် လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုအစီအစဉ်ရဲ့ ရလာဒ်အဖြစ် တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းများရဲ့ ၉၀ ရာခိုင်နှုန်း ဝန်းကျင်ဟာ မိုင်တဲလ်ကို မဖြစ်မနေ အသုံးပြုနေကြပြီး၊ ထိုမှတဆင့် မြန်မာကျပ်ငွေ ကျပ်သန်းထောင်ပေါင်းများစွာ ပမာဏာရှိတဲ့ အမြတ်ဝင်ငွေကို နှစ်စဥ်ရရှိနေခြင်းလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မိုင်တဲလ်ရဲ့ ပြင်ပဆက်ဆံရေး အရာရှိ ဇော်မင်းဦးက အရာရှိစစ်သည်တွေကို မိုင်တဲလ်သုံးစွဲရန် ဖိအားပေးခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ ဖုန်းငွေ ဖြည့်သွင်းခများကို စစ်သည်တွေရဲ့ လစာထဲက ဖြတ်တောက်ခြင်းမရှိကြောင်းလည်း ငြင်းဆိုခဲ့ပါသေးတယ်။

မိုင်တဲလ်၏ “အထူးပုဂ္ဂိုလ်များ”
==================

မိုင်တဲလ် ဟာ၂၀၁၈ ခုနှစ်အတွင်း “အထူးပုဂ္ဂိုလ်များ (VIP)” ရောင်းချမှု အစီအစဉ်မှတဆင့် အုပ်စု ၆ စု ခွဲကာ မိုင်တယ်လ် ဆင်းကဒ်တွေကို ပေးအပ်ခဲ့ပါတယ်။

အထူးပုဂ္ဂိုလ် ၁ (VIP 1) အုပ်စုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ၊ ဒုတိယသမ္မတများ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ထောက်ချုပ်တို့ကို ပစ်မှတ်ထားပြီး၊ ၎င်းတို့အား အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်သုံးစွဲမှုများ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အစီအစဉ်အရ ဗီယက်နမ်စစ်တပ်ဟာ မြန်မာအစိုးရ အရာရှိကြီးများနဲ့ စီးပွားရေးခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေး ဆက်သွယ်မှုနဲ့ တည်နေရာ တွေအပါအဝင် အချက်အလက်များစွာကို ရယူသုံးစွဲနိုင်ပါတယ်။

အထူးပုဂ္ဂိုလ် ၂ (VIP 2) အုပ်စုမှာ ဝန်ကြီးတွေ၊ ပြည်ထောင်စုတရားသူကြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ၊ လွှတ်တော်ဥက္ကဌတွေနဲ့ တယ်လီကွန်း ဆက်သွယ်ရေးကြီးကြပ်ဌာနနဲ့ အခွန်ရုံးတွေရဲ့ အကြီးအကဲများ ပါဝင်ပြီး၊ ၎င်းတို့အား လစဉ် ၂၀၀,၀၀၀ ကျပ် ဖုန်းဘေလ်နှင့် ၂ နှစ်အတွင်း အကန့်အသတ်မဲ့ အင်တာနက်အသုံးပြုခွင့်များ ပေးအပ်ခဲ့ပါတယ်။

အထူးပုဂ္ဂိုလ် ၃ (VIP 3) အုပ်စုမှာ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အဆင့်မြင့် စီမံခန့်ခွဲသူများပါဝင်ပြီး ဘဏ်လုပ်ငန်းအား ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ် ဖော်ပြထားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အတွင်း လုပ်ကိုင်နေတဲ့ ဗီယက်နမ်စီးပွားရေးလုပ်ငန်းတွေရဲ့ ပြိုင်ဖက်တွေ ပါဝင်နေတာ တိုက်ဆိုင်စွာ တွေ့ရပါတယ်။

Justice for Myanmar မှ ရရှိတဲ့ သတင်းရင်းမြစ်တစ်ခုအရ စစ်အာဏာသိမ်းမှု မတိုင်ခင်အထိ အရပ်ဘက် အစိုးရဝန်ကြီးအများစုဟာ မိုင်တဲလ် ဗွီအိုင်ပီ ဆင်းကဒ်များအား လက်ခံရရှိခဲ့ပြီး အများစုမှာ မိုင်တဲလ်ဖုန်း အော်ပရေတာကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ရာဇဝတ်ဂိုဏ်း၏ လုပ်ရပ်
==================

ရာဇဝတ်ဂိုဏ်းရဲ့ မိုင်တဲလ် ၂၀၁၈ ခုနှစ် အရောင်းမြှင့်တင်ရေး အစီအစဉ်တွေဟာ ဗီယက်နမ် စစ်တပ်ရဲ့ အကူအညီနဲ့ မြန်မာစစ်သည်များ၊ အစိုးရအရာရှိကြီးများနဲ့ စီးပွားရေးခေါင်းဆောင်များကို မြန်မာစစ်တပ်က စောင့်ကြည့် ထောက်လှမ်းနိုင်စေဖို့ လုပ်ဆောင်ပေးခဲ့တာပါ။

မိုင်တဲလ်မှတဆင့် မြန်မာစစ်တပ်နှင့် ဗီယက်နမ်စစ်တပ်တွေဟာ မြန်မာစစ်သည်တွေရဲ့ ပုဂ္ဂလိက ဆက်သွယ်ရေးများကို စောင့်ကြည့်ခြင်းနဲ့ ၎င်းတို့ရဲ့ တည်နေရာကို ခြေရာခံခြင်းများ လုပ်ဆောင်နိုင်ပါတယ်။

မြန်မာစစ်တပ်ဟာ ဗီယက်တဲလ် ဝန်ထမ်းတွေကို ကန့်သတ်ထားတဲ့ စစ်ဘက်အခြေခံ အဆောက်အဦများသို့ သွားရောက်ခွင့်ပေးအပ်ခဲ့ပြီး၊ အဆိုပါ ဝန်ထမ်းတွေဟာ တာဝါတိုင် တည်ဆောက်ရေးအတွက် စစ်အခြေစိုက် စခန်းတွေရဲ့ မြေပုံတွေကို စုဆောင်းပြုစုခဲ့ပြီး ဖြစ်သွားတယ်လို့ ဆိုပါတယ်။

မိုင်တဲလ်ဆက်သွယ်ရေးလုပ်ငန်းဟာ မယုံနိုင်လောက်အောင် အမြတ်အစွန်းကြီးမားတဲ့ လုပ်ငန်းဖြစ်ပြီး လုပ်ငန်းလည်ပတ်မှု ငါးနှစ်မြောက်မှစပြီး ဆယ်စုနှစ်တစ်ခုအတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထက် ကျော်လွန်တဲ့ ဝင်ငွေရရှိလိမ့်မှာ ဖြစ်တယ်လို့ Justice For Myanmar က ခန့်မှန်းတွက်ချက်ထားပါတယ်။

မြန်မာစစ်တပ်ဟာ ၄င်းရဲ့ရာဇဝင်မှာ တခါမျှ မရှိခဲ့ဖူးတဲ့ မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းမှုပုံစံနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဗီယက်နမ် စစ်တပ်သို့ လက်လွှဲပေးအပ်ခဲ့ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ “နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” အကြောင်း အမြဲပြောဆိုနေပေမဲ့၊ ၎င်းတို့ရဲ့ စီးပွားရေး အကျိုးစီးပွားကိုသာ ပထမဦးစားပေးအဖြစ် ထားရှိကြောင်း မိုင်တဲလ်ရဲ့ ၂၀၁၈ ခုနှစ် ရောင်းချမှုအစီအစဉ်တွေက ပြသနေပါတယ်။

စစ်တပ်ကို စီးပွားရေးနယ်ပယ်မှ ဖယ်ရှားခြင်းသည်သာ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိရေး တို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လိမ့်မယ် ဆို တာကိုလည်း JFM ကထောက်ပြ ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article