မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တောင် ဗျူဟာကုန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သား သစ် ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၃၀ ရက်နေ့ နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကို ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) မှ တော်လှန် ရေး ရဲဘော်များက အရှင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော စစ်မှုထမ်း တပ်သား ၂ ဦးထံမှ အီနာဂါ ၄ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၇ ခု၊ 5.56 ကျည် ၂၈၀ တောင့်၊ စစ်ဦးထုပ် ၁ လုံး၊ အီကွေ့မန့် ၁ ခု တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့် အညီ လုံခြုံစွာ ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ ၂ ဦးမှာ အဓမ္မ စစ်မှုထမ်းရန် စုဆောင်းခံရသူများဖြစ်ပြီး နေပြည်တော်၊ ရမည်းသင်း လေ့ကျင့်ရေး သင်တန်းကျောင်းမှ သင်တန်းဆင်းကာ နတ်ရေကန်ဗျူဟာကုန်းသို့ ပို့ဆောင်ခံရသူများဖြစ် ကြောင်း သိရသည်။
“ဖမ်းမိတဲ့သူ ၂ ဦးကတော့ ဇွန်လ ၃၀ ရက်နေ့မှာ ဖမ်းမိတာပါ။ နတ်ရေကန်ဗျူဟာကုန်းအနီးအနားမှာပါ။ ဖမ်းဆီးရမိတဲ့သူ ၂ ဦးက နေပြည် တော်နဲ့ ရမည်းသင်း အမှတ် ၃ လေ့ကျင့်ရေးသင်တန်းကျောင်းကပါ။ ၂ ဦးစလုံးက စစ်မှုထမ်း အပတ်စဉ် ၅ ကပါ။ သူတို့နှစ်ယောက်လုံးက ဧရာဝတီတိုင်းကပါ။ အဓမ္မ စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရရင် ကျနော်တို့နဲ့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးလာရောက် ခိုလှုံဖို့ ပြောချင်ပါတယ်။”ဟု People Independence Army တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဓမ္မ စစ်မှုထမ်းရန် စုဆောင်းခံရသော စစ်မှုထမ်းတပ်သားသစ်များအနေဖြင့် တိုက်ပွဲအတွင်းသို့ ပို့ဆောင်ခံရပါက PIO/PIA သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း၊ အဓမ္မစစ်သားအဖြစ် စုဆောင်းခံခဲ့ရသူများ အနေဖြင့်လည်း PIO/PIA သို့ ဆက်သွယ် ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်သို့ နားခိုဝင်ရောက်နိုင်ကြောင်း အသိပေးကြေညာနှိုးဆော်ထားသည်။


