ရန်ကုန်၊ ဇူလိုင် ၁၂
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း ကလေးမွေးဖွားနှုန်းနှင့် သေဆုံးနှုန်းများအပေါ် သက် ရောက်မှုများရှိလာပြီး အလုပ် အကိုင်များ လျော့ကျလာ၍ လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာမှု ပိုမိုပြုလုပ်လာကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဝန်ခံပြောဆိုလိုက်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ဝန်ခံပြောဆိုခြင်းဖြစ်သည်။
ဒုစစ်ခေါင်းဆောင် စိုးဝင်းက ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများအပေါ် သက်ရောက်မှုများရှိခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းများ လျော့ကျလာပြီး လူငယ်အများအပြားသည်လည်း ပြည်ပထွက်ခွာမှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရကြောင်း၊ ယခင် လူဦးရေတိုးနှုန်းများအရ လူဦးရေတိုးပွားလာရမည်ဖြစ်သော်လည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ ၁၀ နှစ်တာကာလအတွင်းတွင် လူဦးရေတိုးပွားလာခြင်းမရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် လူဦးရေတိုးနှုန်းကို တိုက်ရိုက်သက်ရောက်စေသည့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ပြည်ပရွှေ့ပြောင်းနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်း စိုးဝင်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားနှုန်းသည် ၄ ဒသမ ၇ ဦးရှိခဲ့သော် လည်း၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကလေး ၂ ဒသမ ၃ ဦးနှုန်းလောက်ထိ ကျဆင်းလာပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မိဘနှစ်ပါးနေရာကိုသာ ပြန်လည်အစားထိုးနိုင်မည့် ၂ ဒသမ ၁ ဦး နှုန်းအောက်ကို ကျဆင်းလာကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ မွေးဖွားနှုန်းသည် အစဉ် တစိုက်ကျဆင်းလာသည်ဖြစ်၍ လက်ရှိတွင်လည်း ပိုမိုကျဆင်းလာခြင်းဖြစ်နိုင်ကြောင်း၊ မိခင်တစ်ဦး၏ ကလေးမွေးဖွားနှုန်းသည် ၂ ဦးအောက်ကို လျော့ကျလာပြီဆိုပါက မြန်မာနိုင်ငံ၏ လူဦးရေသည် တဖြည်းဖြည်းသိသိသာသာ လျော့နည်းကျဆင်းလာမည်ဖြစ်ကြောင်း စိုးဝင်းက ဆိုသည်။
ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် သက်ကြီးရွယ်အိုလူဦးရေများပြားလာမှုနှင့်အတူ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့် အလမ်းများ များပြားပြီး လုပ်သားကဏ္ဍလိုအပ်ချက်များ များလာခြင်းကြောင့် လုပ်သားအင်အားရွှေ့ပြောင်းမှုများ ရှိနေကြကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း လူဦးရေလျော့နည်းလာသည့်အပြင် လူ့စွမ်းအားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး၊ ကုန်ထုတ်လုပ်မှု စွမ်းအင်မထိခိုက်စေရေးတို့အတွက် ရွှေ့ပြောင်းနေထိုင်မှုများကို သတိထားကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ် ကြောင်း စိုးဝင်းက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ လစဉ် စစ်မှုထမ်းခေါ်ယူပြီး စစ်တပ်အတွင်း သွပ်သွင်းမှုများ လုပ်ဆောင်လျက်ရှိရာ လူငယ်အများအပြားမှာ စစ်မှုထမ်း တိမ်းရှောင်ရန် ပြည်ပနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာ လျက်ရှိကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။
