ရန်ကုန်၊ ဇူလိုင် ၂၆
ထိုင်းနှင့်ကမ္ဘောဒီးယားစစ်ပွဲမှာ ယနေ့ တတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပြီး အငြင်းပွားနေသည့် နယ်စပ်တွင် တပ်စွဲထားသော ကမ္ဘောဒီးယား စစ်စခန်းကို ထိုင်းကသိမ်းယူလိုက်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ ၂၆ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ထိုင်း-ကမ္ဘော ဒီးယားနယ်စပ်ရှိ ကမ္ဘောဒီးယားစစ်တပ်က တပ်စွဲထားသော Phu Makhuea တောင် ထိပ်စစ်စခန်းကို သိမ်းယူလိုက်ကြောင်း၊ ယင်းနောက် ထိုင်းနိုင်ငံအလံကို လွှင့်တင်ထားကြောင်း၊ ယင်းစခန်း သိမ်းတိုက်ပွဲတွင် ကမ္ဘော ဒီးယားစစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရှိရသည်။
လက်ရှိအချိန်တွင် ကမ္ဘောဒီးယားက ယင်းနေရာကို ပြန်လည် သိမ်းပိုက်ရေး လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
အာဆီယံဥက္ကဋ္ဌ မလေးရှားက ထိုင်းနှင့်ကမ္ဘောဒီးယားအကြား ကြားဝင်စေ့စပ်နိုင်ရေး ကြိုးစားနေသော်လည်း လက်ရှိအချိန်အထိ မအောင်မြင်သေးပေ။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ကမ္ဘောဒီးယားနိုင်ငံသား ထောင်ချီမှာလည်း နယ်စပ်ထွက်ပေါက်များမှ တစ်ဆင့် ကမ္ဘောဒီး ယားနိုင်ငံသို့ ပြန်လည် ထွက်ခွာနေပြီး ထိုင်းအာဏာပိုင်များက ထွက်ခွာနေသည့် ကမ္ဘောဒီးယားနိုင်ငံများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


